နန်းဝင်းရီ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးဝါးကုသမှု
ခံယူခဲ့သော COVID-19 အတည်ပြုလူနာအမှတ် (၉၆) သည် ရောဂါမှ ပြန်လည်သက်သာလာပြီးနောက် ဆေးရုံတွင်
Hospital Quarantine ၁၄ ရက် ပြည့်မြောက်ခဲ့ပြီဖြစ်သဖြင့် ယနေ့ မေလ ၂၀ ရက်တွင် ဆေးရုံမှ
ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။
.
.
“Case-96 က ဒီနေ့ ဆင်းရမှာပါ။ ကျန်းမာရေးလည်း ကောင်းပါတယ်။
Social Distancing နဲ့ Mask တပ်ဖို့လည်း မှာကြားထားပါတယ်။ ကျန်တဲ့ လူနာ ၂ ယောက်ကလည်း
ကျန်းမာရေး ကောင်းပါတယ်။ Case-64 ကတော့ ၆ ကြိမ်မြောက်အထိ Positive ထွက်နေတုန်းပါပဲ။
Case-112 ကတော့ ၅ ကြိမ်မြောက်မှာ Negative ဖြစ်သွားတဲ့ အတွက် ဒီနေ့မနက် ဓါတ်ခွဲနမူနာ
ပြန်ယူပြီး ဒီနေ့လေယာဉ်နဲ့ ထပ်ပို့မှာပါ” ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေး
ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါ အတည်ပြုလူနာအမှတ် (၉၆) သည် တာချီလိတ်မြို့မှ အသက် ၄၃ နှစ်အရွယ်
အမျိုးသားဖြစ်ပြီး ပိုးတွေ့အတည်ပြု လူနာအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ
၁၉ ရက်၊ နံနက် ၇ နာရီ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့ခြင်းဖြစ်ကာ မေလ ၆ ရက်တွင် ၎င်း၏ဓါတ်ခွဲနမူနာ၌
ရောဂါပိုး ၂ ကြိမ်ဆက်တိုက် မတွေ့ရှိတော့သဖြင့် ဆေးရုံတွင် အခန်းပြောင်းကာ Hospital
Quarantine နေထိုင်နေခြင်းဖြစ်ကြောင်း သိရသည်။
.
ကျိုင်းတုံဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် COVID-19 အတည်ပြု လူနာ
၃ ဦး ရှိပြီး ၎င်းတို့မှာ မိုင်းဖြတ်မြို့မှ လူနာအမှတ်(၆၄) ဖြစ်သည့် အသက် ၂၃ နှစ်အရွယ်
အမျိုးသား၊ တာချီလိတ်မြို့မှ လူနာအမှတ်(၉၆) ဖြစ်သည့် အသက် ၄၃ နှစ်အရွယ် အမျိုးသားနှင့်
လူနာအမှတ် (၁၁၂)ဖြစ်သည့် အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတို့ ဖြစ်သည်။
.