ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ Amazing Hotel တွင်
မေလ ၁၆ ရက်၊ နံနက်ပိုင်းက ဟိုတယ်၊ မိုတည်၊ တည်းခိုခန်းလုပ်ငန်းရှင်နှင့် ဝန်ထမ်းများအား
COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေး ဟောပြောမှုများ ပြုလုပ်ခဲ့သည်ဟု
သိရသည်။
.
.
ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုချက်
ရရှိပါက ဟိုတယ်လုပ်ငန်းများ စတင်ဆောင်ရွက်ရာတွင် ဘေးအန္တရာယ် ကင်းရှင်း စေရေးအတွက်
ယင်းကဲ့သို့ ဟောပြောဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
ပြည်နယ်ဦးစီးမှူး ဒေါက်တာ မြင့်ကျော်က လက်ရှိ ကမ္ဘာတွင် ပျံ့နှံ့ဖြစ်ပွားနေသည့်
COVID-19 ကူးစက်ရောဂါအား ကာကွယ်ဆေးနှင့် ကုသဆေးကို ပြည်သူများ အသုံးပြုနိုင်မည့် အချိန်ကာလမှာ
ကြိုတင်မသိရှိနိုင်သေးသဖြင့် ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထား သော COVID-19 ကူးစက်ရောဂါ
ကာကွယ်ထိန်းချုပ်ရေးနည်းစနစ်များကို လိုက်နာဆောင်ရွက်ခြင်းသာ အကောင်းဆုံး ဖြစ်သည်ဟု
ပြောဆိုခဲ့သည်။
.
“ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ ကျိုင်းတုံမှာရှိတဲ့
ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေကို ပြန်ဖွင့်ခွင့် ပြုမယ် ဆိုရင် လုပ်ငန်းရှင်တွေနဲ့
ဝန်ထမ်းတွေကို COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင် ရန်နည်းလမ်းတွေကို
သိရှိနိုင်အောင်လို့ အခုလို ဆွေးနွေးဟောပြောပွဲကို ကျင်းပရတာဖြစ်ပါတယ်” ဟု ကျိုင်းတုံမြို့ရှိ
ရှမ်းပြည်နယ်ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး
ဦးစန်းလှိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ကျိုင်းတုံမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ
ဦးရဲမြင့်အောင်ကလည်း “COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်တွေကို တိတိကျကျ
လိုက်နာမှ လုပ်ငန်းရှင်နဲ့ ဝန်ထမ်းတွေရော၊ လာတည်းခိုတဲ့ ဧည့်သည်တွေပါ ဘေးအန္တရာယ် ကင်းမှာဖြစ်ပါတယ်။
ရောဂါကာကွယ်ရေးအတွက် ကုန်ကျစရိတ် ပိုတိုးလာမှာဖြစ်လို့ ဝန်ဆောင်ခတွေလည်း ပိုသွားနိုင်ပါတယ်။
ဒါကို ကာမိအောင်ဆိုရင် အခွန်လျှော့ချပေးစေချင်ပါတယ်” ဟု ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
ကျိုင်းတုံမြို့တွင် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း ၁၇ ခု ရှိပြီး
တာချီလိတ်မြို့တွင် ၅၀ ခန့်ရှိကာ COVID-19 ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဧပြီလဆန်းမှ
စတင်၍ လုပ်ငန်းများ ရပ်နားထားခြင်း ဖြစ်ကြောင်း သိရသည်။
.