စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူနေသော
COVID-19 ဓါတ်ခွဲအတည်ပြု လူနာ အမှတ် (၁၂၁) ၏ ဓါတ်ခွဲအဖြေတွင် ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိတော့သဖြင့်
မေလ ၁၆ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရတော့မည်ဖြစ်ကြောင်း သိရသည်။
.
.
"Case-121 ကတော့ Negative ထွက်သွားပါပြီ။ မနက်ဖြန် ဆေးရုံကနေ
ဆင်းပါမယ်။ Hotel သို့မဟုတ် Facilities Quarantine ဘယ်လိုထားမလဲဆိုတာ စီစဥ်နေတုန်းပါပဲ"
ဟု ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက ယနေ့ မေလ ၁၅ ရက်၊ ညပိုင်းတွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါ COVID-19 အတည်ပြုလူနာ အမှတ် (၁၂၁) သည် အင်္ဂလန်နိုင်ငံမှ
ရန်ကုန်မြို့သို့ မတ်လ ၂၂ ရက်တွင် လေကြောင်း ခရီးဖြင့် ရောက်ရှိလာသူဖြစ်ပြီး ရန်ကုန်မြို့၌
Hotel Quarantine ၁၄ ရက် ဝင်ရောက်ပြီးနောက် ဧပြီလ ၅ ရက်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ
တောင်ကြီးမြို့၊ မြို့မရပ်ကွက်ရှိ နေအိမ်သို့ ဟဲဟိုးလေဆိပ်မှတစ်ဆင့် ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်ကာ
ဧပြီလ ၁၉ ရက်တွင် ၎င်း၏ ဓါတ်ခွဲနမူနာအား ပို့ဆောင်စစ်ဆေးရာ ဧပြီလ ၂၁ ရက်၊ ည ၈ နာရီ
ထုတ်ပြန်ချက်အရ COVID-19 ပိုးတွေ့လူနာအဖြစ် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တွင် COVID-19 အတည်ပြုလူနာ ၇ ဦးရှိပြီး ၎င်းတို့အနက်
လူနာအမှတ် (၁၄) နှင့် (၂၉) မှာ ဆေးရုံမှ ဆင်းခွင့်ရပြီးဖြစ်ပြီး လူနာအမှတ် (၉၆) နှင့်
(၁၂၁) တို့မှာ ပြန်လည်သက်သာလာပြီဖြစ်ကာ မကြာမီ ဆေးရုံမှ ဆင်းခွင့် ရတော့မည်ဖြစ်ကြောင်း
သိရသည်။
.