ကမ္ဘောဇတိုင်း
.
COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ရှမ်းပြည်နယ်အစိုးရက ထုတ်ပြန်ထားသည့်
အမိန့်နှင့် ညွှန်ကြားချက် အချို့မှာ လာမည့် မေလ ၁၅ ရက်တွင် ပြည့်မြောက်တော့မည် ဖြစ်ခြင်းကြောင့်
ယင်း အမိန့်နှင့် ညွှန်ကြားချက်များအား ဆက်လက် သက်တမ်းတိုးရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊
ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေလျက် ရှိကြောင်း
ရှမ်းပြည်နယ်အစိုးရ အဖွဲ့ထံမှ သိရသည်။
.
.
“လောလောဆယ်ကတော့ အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ အမိန့်ကိုပဲ စောင့်ရမှာပေါ့။
သီးခြားအမိန့် ထုတ်ပြန်ဖို့တော့ မရှိသေးပါဘူး။” ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာ လင်းထွဋ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
ထို့အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းကလည်း
“လောလောဆယ်မှာတော့ အမျိုးသားအဆင့် ဗဟိုကော်မတီက ညွှန်ကြားလာတာ မရှိသေးပါဘူး။ ဒီရက်ပိုင်းအတွင်း
ညွှန်ကြားလာနိုင်ပါတယ်။ ရှမ်းပြည်နယ်ရဲ့ အနေအထားကတော့ ကန့်သတ်ချက်တချို့ကို ဖြေလျှော့သင့်တယ်လို့
ယူဆပါတယ်။ အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ အမိန့်ကိုတော့ စောင့်ရမှာပါ” ဟု ပြောဆိုခဲ့သည်။
.
ညမထွက်ရအမိန့်နှင့် လူစုလူဝေး မဖြစ်ပေါ်စေရန် တားမြစ်ချက်များကို
ဆက်လက်ထားရှိရန် လိုအပ်ပြီး ဈေး အပါအဝင် လူထုအတွက် လိုအပ်သည့် နေရာများကို ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၊ ကန့်သတ်ချက်များနှင့် ကိုက်ညီမှုရှိပါက ပြန်လည်ဖွင့်လှစ်ပေးသင့်ကြောင်း
ပြည်နယ်ဝန်ကြီး ဒေါက်တာမျိုးထွန်းက ဆက်လက်ပြောဆိုခဲ့သည်။
.
COVID-19 ကပ်ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် တောင်ကြီးမြို့
အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ ဈေးများ၊ ကေတီဗီများ၊
ကလပ်များ၊ အဝေးပြေးယာဉ်လိုင်းများ စသည့် လုပ်ငန်းများကို မေလ ၁၅ ရက်အထိ ရပ်နားထားရန်
ရှမ်းပြည်နယ်အစိုးရမှ ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
.