နန်းဝင်းရီ
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှု
ခံယူနေသည့် COVID-19 ပိုးတွေ့လူနာအမှတ် (၁၂၁) ၏ ဓါတ်ခွဲအဖြေတွင် ရောဂါပိုး မတွေ့ရှိရတော့ကြောင်း
ရှမ်းပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
.
.
“လူနာအမှတ် (၁၂၁) က တတိယအကြိမ် ဓါတ်ခွဲအဖြေမှာ Negative ဖြစ်သွားပါပြီ။
သူ့ကိုလည်း နောက်တစ်ကြိမ် ထပ်စစ်ဖို့ လုပ်နေပါတယ်။ ရှမ်းတောင်ကနေ ထပ်ပို့ဖို့ လူ ၁၄၀
ဦး လောက် ရှိပါတယ်။ သဘက်ခါ ပို့မှာပါ” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
ဒေါက်တာနှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
လူနာအမှတ် (၁၂၁)သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ အသက် ၂၁ နှစ်အရွယ်
အမျိုးသမီး ဖြစ်ကာ ဧပြီလ ၂၁ ရက်က ကျန်းမာရေးနှင် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်
COVID-19 အတည်ပြုလူနာအဖြစ် ပါရှိခြင်းဖြစ်ပြီး လက်ရှိတွင် စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု
ခံယူနေခြင်းဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်ရှိ COVID-19 ပိုးတွေ့လူနာ ၇ ဦးအနက် တောင်ကြီးမြို့၊
စဝ်စံထွန်းဆေးရုံတွင် ဆေးဝါးကုသမှု ခံယူခဲ့သော COVID-19 ပိုးတွေ့လူနာ အမှတ် (၂၉)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင်
ဆေးကုသမှု ခံယူခဲ့သော ပိုးတွေ့လူနာအမှတ် (၁၄)နှင့် မူဆယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု
ခံယူခဲ့သော လူနာအမှတ် (၁၄၃) တို့မှာ ၂ ကြိမ် ဆက်တိုက် ရောဂါပိုး မတွေ့ရှိသဖြင့် ဆေးရုံမှ
ဆင်းခွင့်ရပြီဖြစ်သည့်အပြင် ကျိုင်းတုံ ဆေးရုံမှ ပိုးတွေ့လူနာ အမှတ် (၉၆) သည်လည်း ၂
ကြိမ်ဆက်တိုက် ရောဂါပိုး မတွေ့ရှိတော့သဖြင့် Hospital Quarantine ဝင်ရောက်လျက်ရှိကြောင်း
သိရသည်။
.