ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြို့တော်
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသည့် COVID-19 ပိုးတွေ့
လူနာအမှတ် (၁၂၁) နှင့် ၎င်း၏ မိသားစုဝင်များ အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းမှ
၈၈ ဦး ၏ ဓါတ်ခွဲနမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသားဓါတ်ခွဲမှုဆိုင်ရာဌာန (NHL)
သို့ ပေးပို့ထားသည်ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
.
.
အဆိုပါ ပေးပို့ထားသည့်
ဓါတ်ခွဲနမူနာ ၈၈ ခုမှာ လူနာအမှတ် (၁၂၁) နှင့် ၎င်း၏မိသားစုဝင် ၅ ဦး၊ စဝ်စံထွန်းဆေးရုံမှ
စောင့်ကြည့်လူနာ ၅ ဦးနှင့် Quarantine Center အသီးသီးမှ ၇၇ ဦးတို့၏ ဓါတ်ခွဲနမူနာများ
ဖြစ်ကြောင်း သိရသည်။
“ဒီနေ့မနက်တော့
ရောက်သွားပြီ။ အဖြေကတော့ ၃ ရက်လောက်တော့ ကြာတတ်တယ်။ Case 121 က တတိယ အကြိမ်ပို့ထားပါတယ်။
အရင် ၂ ခေါက်ကတော့ Positive ပြတုန်းပါပဲ။ သူ့မိသားစုဝင်တွေက ပထမအကြိမ်မှာ Negative
ပြတယ်။ သေချာအောင် နောက်တစ်ခေါက် ထပ်စစ်တာပါ”ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ
ဒေါက်တာနှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လူနာအမှတ်(၁၂၁)သည်
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး ဖြစ်ကာ ဧပြီလ ၂၁
ရက်က ကျန်းမာရေးနှင် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် COVID-19 အတည်ပြုလူနာအဖြစ် ပါရှိခြင်းဖြစ်ပြီး
လက်ရှိတွင် စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အတူ တောင်ကြီးမြို့၊
စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးဝါးကုသမှု ခံယူခဲ့သော COVID-19 ပိုးတွေ့လူနာ အမှတ် (၂၉) နှင့်
လားရှိုးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူခဲ့သော ပိုးတွေ့လူနာအမှတ်
(၁၄) တို့မှာ ရောဂါပိုး မတွေ့ရှိသဖြင့် ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်သည့်အပြင် ကျိုင်းတုံ
ဆေးရုံမှ ပိုးတွေ့လူနာအမှတ် (၉၆) သည်လည်း ရောဂါပိုး မတွေ့ရှိတော့သဖြင့် Hospital
Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
.