COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၄ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနက ယနေ့ (မေလ ၃ ရက်) ည ၈ နာရီတွင် ထုတ်ပြန်ခဲ့ရာ
မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့လူနာ ၁၅၅ ဦး ရှိပြီ ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ အတည်ပြုလူနာများမှာ
ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်မှ အမျိုးသမီး ၃ ဦးနှင့် တာမွေမြို့နယ်မှ
အမျိုးသား တစ်ဦးတို့ ဖြစ်ကာ ၎င်းတို့အနက် အင်းစိန်မြို့နယ်မှ အတည်ပြုလူနာ ၃ ဦးသည်
ပြည်ပသို့ ခရီးသွား ရာဇဝင် မရှိသော်လည်း အတည်ပြုလူနာများနှင့် ထိတွေ့မှု ရှိသူများ
ဖြစ်ကာ၊ တာမွေမြို့နယ်မှ အတည်ပြုလူနာသည် ပြည်ပသို့ ခရီးသွား ရာဇဝင် မရှိသည့် အပြင်
အတည်ပြုလူနာများနှင့် ထိတွေ့မှု မရှိသောသူ ဖြစ်ကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေး
ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)နှင့် ဆေးသုတေသနဦးစီးဌာနမှ
စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၂၃ ခုအနက် ၄ ဦးတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင်
မတ်လ ၂၃ ရက်မှ ယနေ့ (မေလ ၃ ရက်)၊ ည ၈ နာရီထိ COVID-19 အတည်ပြုလူနာ ၁၅၅ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၄၃ ဦးမှာ ပြန်လည်
သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ
၇ ဦး ရှိကာ ၂ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။