တီကျစ်ဒေသမှ ဂေါ်ဖီထုပ် အလုံးရေ ၅ သိန်းကို ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ ဝယ်ယူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, May 27, 2020

တီကျစ်ဒေသမှ ဂေါ်ဖီထုပ် အလုံးရေ ၅ သိန်းကို ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ ဝယ်ယူ

နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ဒေသတွင် စိုက်ပျိုးထားသော ဂေါ်ဖီထုပ်အလုံးရေ ၅ သိန်းကို ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီက မေလ ၂၆ ရက်တွင် ကူညီသည့်အနေဖြင့် ဝယ်ယူပေးခဲ့ကြောင်း သိရသည်။
.
 
.
အဆိုပါ ဂေါ်ဖီထုပ်များကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များမှ အခြေခံလူတန်းစားပြည်သူများ၊ ပရဟိတအဖွဲ့အစည်းများနှင့် အကျဉ်းထောင်များသို့ ပေးပို့လှူဒါန်းပေး သွားမည်ဖြစ်ကြောင်း သိရသည်။
.
“ကမ္ဘောဇဘဏ် နာယကကြီး ဦးအောင်ကိုဝင်းကနေ ကျွန်တော်တို့ ဂေါ်ဖီထုပ်တွေကို ကားခရှင်းပေးပြီးတော့ နိုင်ငံအနှံ့ ပို့ပေးပါတယ်။ COVID-19 ကာလမှာ စိုက်ပျိုးထားတဲ့ ဂေါ်ဖီထုပ်တွေက ရောင်းချဖို့ မဖြစ်နိုင်တော့ဘူး။ ကုန်စိမ်းဖြစ်တဲ့ အတွက် ထားလို့လည်း မရဘူး။ ဒီလို ရောင်းချဖို့ မဖြစ်နိုင်တဲ့ ဂေါ်ဖီထုပ် စိုက်ဧကပေါင်း များစွာကို ပေးလှူခြင်းနဲ့ သွားရမှာဆိုတော့ ကမ္ဘောဇဘဏ် နာယကကြီးက ဝင်ပြီးတော့ ပေးလှူဝယ်ယူပေးတာပေါ့။ ကျွန်တော်တို့ တောင်သူ တွေကိုလည်း ပိုက်ဆံနဲ့ ပေးဝယ်ပေးပါတယ်။ တောင်သူတွေကိုယ်စား အရမ်းကို ဝမ်းမြောက်မိပါတယ်” ဟု နောင်တရား ဒေသခံတစ်ဦးဖြစ်သူ ဦးခွန်ဆန်းဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အလားတူ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဒေါက်တာဇော်မင်းထွန်းကလည်း “အခုလို ဂေါ်ဖီထုပ်တွေကို လာရောက်ဝယ်ယူပြီး ပြန်လှူပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ဒီဒေသခံတွေကိုယ်စား ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီကို အထူးပဲ ကျေးဇူးတင်ပါတယ်” ဟု ၎င်း၏အမြင်ကို ပြောဆို ခဲ့သည်။
.
လတ်တလော ဖြစ်ပေါ်နေသည့် COVID-19 ရောဂါကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရာသီပေါ် သီးနှံများ ဈေးကွက်ပျောက်ဆုံးပြီး တောင်သူများ အခက်အခဲဖြစ်ပေါ်နေခြင်းကြောင့် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ ကမ္ဘောဇအုပ်စု နာယက ဦးအောင်ကိုဝင်း၏ လမ်းညွှန်မှုဖြင့် ဂေါ်ဖီထုပ်များကို ဝယ်ယူပြီး အခြား လိုအပ်သည့် ဒေသများတွင် ပြန်လည်ဖြန့်ဝေ လှူဒါန်းရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About