ရန်ကုန်ရှိ အခြေခံလူတန်းစားများအတွက် ရှမ်းပြည်နယ်ထွက်သီးနှံများ အခမဲ့ ဖြန့်ဝေ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Saturday, May 23, 2020

ရန်ကုန်ရှိ အခြေခံလူတန်းစားများအတွက် ရှမ်းပြည်နယ်ထွက်သီးနှံများ အခမဲ့ ဖြန့်ဝေ


စိုင်းသိင်္ခသူ
.
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ အခြေခံလူတန်းစားများအတွက် ရှမ်းပြည်နယ်ထွက် သီးနှံများကို အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချ သူများအသင်းထံက သိရသည်။
.
 
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားနှင့် တီကျစ်ဒေသမှ ထွက်ရှိသည့် ဂေါ်ဖီထုပ်များ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံနှင့် ပင်းတယမြို့နယ်များမှ ထွက်ရှိသည့် သီးနှံ မျိုးစုံတို့သည် COVID-19 ကပ်ရောဂါ ကာလအတွင်း ရောင်းချရမှု နည်းပါးသည့်အတွက် လိုအပ်နေသူများထံ ရောက်ရှိ နိုင်ရေး စေတနာရှင်များက ဝယ်ယူလှူဒါန်းသည့်အပေါ် အခမဲ့ ဖြန့်ဝေပေးနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချ သူများအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။
.
“ရန်ကုန်မြို့ပေါ်က လူဦးရေ ၇ သန်းကျော်ရှိတော့ အားလုံးကတော့ စားနေကြတာပဲလေ။ ကျွန်တော်တို့က ရောင်းချင် တာပါ။ ဒါပေမဲ့ မရောင်းရတော့ စေတနာရှင်တွေရဲ့ ဆန္ဒအရ ရန်ကုန်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ မြို့နယ်အချို့မှာ လိုအပ်နေတဲ့ အခြေခံလူတန်းစားတွေကို အခမဲ့ ဖြန့်ဝေပေးရတာ ဖြစ်ပါတယ်။ အမှန်တော့ အစိုးရက ဝယ်ပေးပြီး လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ပေးရင် ပိုကောင်းတဲ့ အစီအစဉ်ဖြစ်မှာပါ” ဟု ဦးကျော်သူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ ဖြန့်ဝေရာတွင် ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းမှု အပါအဝင် သင်္ဃန်းကျွန်းမြို့နယ်တွင် ၁ စီး၊ ဒဂုံအရှေ့ပိုင်း မြို့နယ်တွင် ၁ စီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၁ စီး၊ လှိုင်သာယာမြို့နယ်တွင် ၃ စီး၊ ရွှေပြည်သာမြို့နယ် တွင် ၁ စီး၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ တောင်ဥက္ကလာမြို့နယ်များတွင် ၁ စီးစီဖြင့် စုစုပေါင်း ကုန်တင်ယာဉ် ၁၅ စီး ဖြင့် တစ်စီးလျှင် ပျှမ်းမျှ ဂေါ်ဖီထုပ် ၆၅၀၀ နှုန်းဖြင့် ဂေါ်ဖီထုပ် ၁ သိန်းခန့်အား ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်များ အတွင်း လှည့်လည်ဖြန့်ဝေပေးမှုကို ထောပတ်စိုက်ပျိုးထုတ်လုပ်သူများအသင်းကလည်း ပါဝင်ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
.
ထို့အပြင် ရောင်းချမှု အနေဖြင့် သီရိမင်္ဂလာဈေးသို့ ၅ စီး ပို့ဆောင်ထားပြီး ရောင်းဈေး မသိရသေးသော်လည်း လက်ကားဈေးအဖြစ် ပြန်လည်ရောင်းချနေကြခြင်းဖြစ်ပြီး အနည်းဆုံး ၄၅၀ ကျပ်ခန့် ဈေးရရှိကာ ပြီးခဲ့သည့်နှစ်က ရောင်းတန်းဝင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် ၅၀၀ မှ ၁၀၀၀ အထိ ဈေးရရှိခဲ့ကြောင်း သိရသည်။
.
“လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက ဂေါ်ဖီနဲ့ ခရမ်းချဉ်တွေ မရောင်းရလို့ ထွက်စက်နဲ့ အခင်းတွေ ထိုးဖျက်နေရတဲ့ အထိ တောင်သူတွေ အခက်အခဲဖြစ်နေတာ သိမြင်ရတယ်။ ရေကြည်စမ်းပညာဒါန ဖောင်ဒေးရှင်းက ဒေါက်တာအရှင် သုမန ဆရာတော်ဆီကို လာလှူတာကို လမ်းပေါ်မှာ သွားနေတဲ့ ခရီးသည်တွေ၊ ရွာတွေကို အထုပ်လေးတွေနဲ့ ပြန်လှူ ပေးတာပါ။ ဂေါ်ဖီကအစ ခရမ်းချဉ်၊ ပဲ၊ ငရုတ် စတာတွေကို စေတနာရှင်တွေက လာလှူကြတော့ ရန်ကုန်က ပန်းမန် အသင်းနဲ့ ချိတ်ဆက်ပြီး လိုချင်တဲ့ စားသုံးသူတွေဆီ ဒေသထွက်သီးနှံတွေ ပို့ဆောင်ပေးတာပါ” ဟု တောင်သူများကို ကူညီဆောင်ရွက်ပေးနေသည့် ပင်းတယမြို့၊ လက်ဖက်ယဉ်ကျေးမှုစက်ဝန်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ စီမံကိန်း မန်နေဂျာ ဒေါ်နန်းသရဖူတင့်က ပြောသည်။
.
၎င်းတို့အနေဖြင့် ရန်ကုန်ရှိ အခြေခံလူတန်းစားများ စားသုံးနိုင်ရေးအတွက် ကုန်တင်ကား ၄ စီးစာ လှူဒါန်းပြီးဖြစ်ကာ တန်ဖိုးအားဖြင့် တစ်စီးလျှင် ၁၆ သိန်းမှ ၁၈ သိန်း အထိရှိကာ စေတနာရှင်များ၏ အလှူငွေ ရရှိပါက ထပ်မံပေးပို့သွား မည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats