ရှမ်းပြည်နယ် ဒေသထွက် ရာသီ သီးနှံများ ရောင်းချရန် အခက်အခဲ ဖြစ်ပေါ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ် ဒေသထွက် ရာသီ သီးနှံများ ရောင်းချရန် အခက်အခဲ ဖြစ်ပေါ်နေ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်ဒေသတွင်းမှ ထွက်ရှိသည့် ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ် အပါအဝင် ရာသီသီးနှံများ ရောင်းချရန် အခက်အခဲ ဖြစ်ပေါ်နေလျက်ရှိသည်ဟု ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောဇုန် ဂေါ်ဖီစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း ထံမှ သိရသည်။
.
 
.
“စိုက်ခင်းမှာ ခူးခက တစ်ထုပ်ကို ကျပ် ၃၀၊ ကားတင်ခက ကျပ် ၂၀ ဆိုတော့ ၅၀ ကျနေပြီ။ ကားခနဲ့ဆိုရင် အောင်ပန်း လောက်ပို့တာတောင် တစ်ထုပ်ကို ၇၀ လောက် ကုန်ကျနေတော့ အခု နောင်တရားဘက်မှာ တပ်က ၅၀ နဲ့ လာဝယ် တယ်ဆိုတာ တောင်သူတွေအတွက် ကုန်ကျမယ့်ငွေကို ဖြည့်ဆည်းပေးရာရောက်လို့ အနည်းငယ် အဆင်ပြေပါတယ်။ ဒါပေမဲ့ အရင်းက တစ်ဧကကို ၇ သိန်း ကနေ ၁၀ သိန်းလောက်ရှိပြီး စိုက်အား များရင်များသလို ထိခိုက်တာ ဖြစ်ပါတယ်” ဟု ကလောဇုန် ဂေါ်ဖီစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့်နှစ်များက ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ၁၅၀ ကျပ်မှ ၂၀၀ ကျပ်အထိ ရောင်းချခဲ့ရပြီး ယခုနှစ်တွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ဈေးများပိတ်သဖြင့် ဝယ်လက်မရှိခြင်း၊ တောင်သူများ စိုက်အားများပြားခဲ့ခြင်းတို့ကြောင့် ဆုံးရှုံးမှု များပြားနေရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
၎င်းအနေဖြင့်လည်း စိုက်ပျိုးထားသည့် ဂေါ်ဖီထုပ်ရေ ၁ သိန်းကျော်အနက် ၄ သောင်းခန့်ကို ပရဟိတအသင်းများသို့ အခမဲ့ ပေးလှူခဲ့ပြီး တပ်နယ်နှင့် ညှိနှိုင်းပေးလျက်ရှိကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး လာရောက်ကြည့်ရှုပြီးနောက် မေလ ၁၇ ရက်က စိုက်ပျိုးရေးဦးစီးဌာနမှ ဂေါ်ဖီထုပ် ၃၀၀၀ ကျော်ကို ၇၅ ကျပ်နှုန်းဖြင့် ဝယ်ယူသွားခဲ့ကြောင်း ဦးစိုးဝင်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် ၃၀ အောက်သာ ဈေးရရှိပါက တွက်ခြေမကိုက်သဖြင့် မြေဩဇာအဖြစ်သာ ပြန်လည် ခုတ်ထွင်ကြခြင်းဖြစ်ပြီး အရောင်းအဝယ်အခြေအနေမှာ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေအရ ရန်ကုန်ဈေးကွက်ကို စောင့်ကြည့်နေရသော်လည်း ယခုရာသီတွင် လုံးဝဆုံးရှုံးရသည့် အနေအထား ဖြစ်သည့် အတွက် တောင်သူများအနေဖြင့် အရင်းပြုတ်သည့်အပြင် အကြွေးများဆပ်ရန်ပင် ခက်ခဲနေပြီး လာမည့်စိုက်ပျိုးရာသီ အတွက် အခက်အခဲများဖြစ်ပါ်လျက်ရှိနေကြောင်း သိရသည်။
.
ထို့အတူ သီးနှံတစ်ဆင့် ပြန်လည်ဝယ်ယူရောင်းချသူ ဦးကျော်နိုင်ကလည်း “အရမ်းခက်ခဲနေကြတာပါ။ အရင်နှစ်ထက် တစ်ဝက်မက ရှုံးနေကြတာပါ။ အရင်က ကား ၄ စီး တင်ရတာမှာ အခု တစ်စီးလောက်ပဲ တင်ရတယ်။ အမြတ်မရှိဘူး။ ကားခ လောက်ပဲရတယ်။ ပန်းမုန်လာက ၁၀၀-၁၂၀ ကနေ လှရင် ၃၂၀ လောက်အထိ ပေးပါတယ်။ ဂေါ်ဖီကတော့ ၇၀ ကနေ ၁၂၀ လောက်ပဲရှိတယ်။ ဒီနှစ်က အခင်းထဲလိုက်ဝယ်ရင် မကိုက်ဘူး။ ပဲခူးနဲ့ ရန်ကုန်က အမှာရှိပေမဲ့ နည်းတယ်” ဟု ပြောဆိုခဲ့သည်။
.
ဂေါ်ဖီထုပ်ကို တစ်နှစ်လျှင် ၃ ကြိမ် စိုက်ပျိုးကြပြီး ပျိုးထောင်ကာလ ၁ လခွဲ၊ ရိတ်သိမ်းကာလအထိ ၂ လခွဲနှင့် ခူးဆွတ် ရောင်းချသည့်ကာလ ၁ လ၊ စုစုပေါင်း ၅ လခန့် ကြာမြင့်ကာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်း၊ တီကျစ်၊ နောင်တရားတို့တွင် ဂေါ်ဖီစိုက်ဧက ၁၆၀၀ ခန့်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယ၊ ရွာငံဒေသတွင် စိုက်ဧက ၁၅၀၀ ခန့်နှင့် ကလော၊ အောင်ပန်း၊ ဟဲဟိုးဒေသတွင် စိုက်ဧက ၁၀၀၀ ကျော် ရှိပြီး တစ်ဧကလျှင် ဂေါ်ဖီထုပ် ၁၂၀၀၀ စိုက်ပျိုးရာ သွင်းအားစုပေါ် မူတည်၍ ကျပ် ၇ သိန်းမှ ၁၀ သိန်းအထိ အရင်းအနှီး ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats