စိုင်းသိင်္ခသူ၊ ထက်တိုင်းကျော်
.
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတိုးမြှင့်ခဲ့သည့် မေလ ၁ ရက်မှ ၁၅ ရက်အတွင်း အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အားသုံးစွဲမှုကို ၁ ယူနစ်မှ ၇၅ ယူနစ်အထိ ငွေကြေးကောက်ခံမှုကင်းလွတ်ခွင့် (အခမဲ့) ထပ်မံ ရရှိသွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မေလ ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.
အဆိုပါ လျှပ်စစ်ဓါတ်အားကင်းလွတ်ခွင့်တွင် သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပါဝင်ခြင်းမရှိဘဲ အများပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများအတွက်သာ အကြုံးဝင်မည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။
.
“ရှမ်းအရှေ့မှာတော့ ကျိုင်းတုံနဲ့ တာချီလိတ်က အရင်ဧပြီလမှာ ပေးတဲ့ ယူနစ် ၁၅၀ ကင်းလွတ်ခွင့်ထဲမှာလည်း မရခဲ့ သလို အခုပေးမယ့် ၇၅ ယူနစ်ကိုလည်း ရမှာမဟုတ်ပါဘူး။ ပြည်သူဆိုတဲ့ စာရင်းထဲမှာထည့်ပြီး အစိုးရဝန်ကြီးဌာန အနေနဲ့ ညှိနှိုင်းပေးသင့်တယ်” ဟု တာချီလိတ်မြို့နေ အငြိမ်းစားအရာထမ်းတစ်ဦးက ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ထို့အတူ ကျိုင်းတုံဒေသခံတစ်ဦးကလည်း “ကျိုင်းတုံမှာတော့ ရေမရှိလို့ဆိုပြီး စက်တွေနဲ့ မီးပေးနေပေမဲ့ မီးရချိန် တအားနည်းပါတယ်။ ဧပြီလအတွက် ဓါတ်အားသုံးစွဲခကို ၃၀ ရာခိုင်နှုန်း လျှော့ပေးပေမဲ့ အရာမရောက်ပါဘူး” ဟု ပြောဆိုခဲ့သည်။
.
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အားသုံးစွဲမှု ၇၆ ယူနစ်မှ အထက်ကို အလွှာအလိုက်သတ်မှတ် နှုန်းထားအတိုင်း ပေးဆောင်ရမည်ဖြစ်သည်။
.
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ် ဆောင်ရွက်နေသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဧပြီလတွင် အများပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ (သံရုံးများ၊ကုလသမဂ္ဂနှင့် နိုင်ငံ တကာအဖွဲ့အစည်းများမပါ) အိမ်သုံးအမျိုးအစားများအတွက် လျှပ်စစ်ဓါတ်အားသုံးစွဲမှု ၁၅၀ ယူနစ်အထိ ငွေကြေးကောက်ခံမှုကင်းလွတ်ခွင့် (အခမဲ့)ပေးခဲ့ပြီးဖြစ်ကာ ယခု ဒုတိယအကြိမ်အဖြစ် မေလ ၁ ရက်မှ မေလ ၁၅ ရက်အတွင်း အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အားသုံးစွဲမှု ကင်းလွတ်ခွင့်ပေးခြင်းသည် ဒုတိယအကြိမ်မြောက် လျှပ်စစ်ဓါတ်အားခ ကင်းလွတ်ခွင့် ပေးခြင်းဖြစ်ကြောင်း သိရသည်။
.