ရပ်စောက်ရှိ ယာယီပျံကျဈေးများ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ဒေသခံများ ဝေဖန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, May 23, 2020

ရပ်စောက်ရှိ ယာယီပျံကျဈေးများ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ဒေသခံများ ဝေဖန်


ခင်မော့ဆက်
.
COVID-19 ကပ်ရောဂါကာလအတွင်း ရှမ်းပြည်နယ် တောင်ကြီးခရိုင် ရပ်စောက်မြို့ မြို့မဘော လုံးကွင်းတွင် ဖွင့်လှစ်သည့် ပျံကျစျေးအပေါ် သက်ဆိုင်ရာ၏ စီမံခန့်ခွဲနေမှုများအား စျေးသည်နှင့် ဝယ်ယူ သုံးစွဲသူဒေသခံလူထုမှ ဝေဖန် ပြောဆိုနေလျက်ရှိကြောင်း သိရသည်။
.
 
.
“ကျွန်မတို့သားငါးစျေးသည်တွေ နေရာမဲနှိုက်ရတယ်။ အဲဒီမှာဘောလုံးကွင်းတောင်ဘက်အစွန်မှာ မဲ ပေါက်တဲ့ဆိုင် ၁၂ ဆိုင်လောက်က မရောင်းရလို့ဆိုပြီး စည်ပင်ကိုသွားပြောတယ်။ စည်ပင်က အဲဒီ ၁၂ ဆိုင်ကို မဲထပ်နှိုက်ခိုင်းတယ်။ စျေးဝယ်သူတွေနဲ့ နီးတဲ့နေရာတွေရသွားတယ်။ အရင်အလယ်ဆိုင်တွေက အစွန်ရောက်သွားတယ်။ အဲဒါ အဆင်မပြေကြောင်း သွားပြောတော့ စျေးကော်မတီဝင်တစ်ယောက်က မရောင်း ချင်ထွက်လို့ပြောလွှတ်တယ် ဟု အမည်မဖေါ်လိုသူ စျေးသည်တစ်ဦးက ပြောပြသည်။
.
“ရပ်စောက်မှာ ငါးရက် တစ်စျေးနေ့ရှိတယ်။ စျေးအနီးနားမှာ ကျွန်မတို့ သားငါးနဲ့ ကုန်စိမ်းတွေကို မရောင်းရဘူးလို့ ဒီကာလမှာစည်းကမ်းရှိတယ်။ စျေးထဲမှာသာမရောင်းတာ။ စျေးထောင့်တွေမှာ သားငါးနှင့် ကုန်စိမ်းတွေကို ထင်ထင်ပေါ်ပေါ်ချရောင်းနေကြတယ်။ သက်ဆိုင်ရာကို တင်ပြတော့ အရေးယူပေးမယ်ပြောပြီး ဘာတစ်ခုမှ မဆောင်ရွက်ပေးဘူး။ ပိုပိုများလာတယ်။ ကားရှိသူတွေက သားငါးနဲ့သီးနှံကုန်စိမ်းတွေကို ကားနဲ့စျေးထောင့်မှာ လာရပ်ရောင်းတယ်။ အခုဆိုစျေးထောင့်၊ ပြည်သူ့ဆေးရုံရှေ့ပလက်ဖေါင်း၊ ရပ်စောက်မင်းလမ်းမနံဘေးပလက်ဖေါင်း၊ ဇော်ဂျီကွေ့နှင့် စာတိုက်ရှေ့အထိ စျေးတန်းတွေဖြစ်လာပြီ။ စည်ပင်နဲ့စျေးကော်မတီကိုတင်ပြတော့ အိမ်ရှင်တွေ ဘက်က သဘောတူရင် ခင်ဗျားတို့လည်းရောင်းပေါ့ လို့ပြောတယ်။ လမ်းနံဘေးမှာ ခင်ရာမင်ရာမရှိတဲ့ ကျွန်မတို့မှာ အခက်အခဲဖြစ်တယ်။ အခုဆို စားသုံးသူ တွေက နီးစပ်ရာဘဲဝယ်တော့ ကျွန်မတို့မှာ မရောင်းရသလောက်ကို ဖြစ်နေတယ်။ ဒါရောင်းမှ ဒါစားရတာဆို တော့ မိသားစုပိုခက်ခဲလာတယ် ဟု ပျံကျစျေးအတွင်းရောင်းချသည့် စျေးသည်တစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
လမ်းနံဘေးစျေးသည်များထံ တင်ဒါရထားသူမှ ဆိုင်တစ်ဆိုင် ငွေ ၃၀၀ ကျပ်၊ စည်ပင်မှ မြို့စည်  ပင်ဧရိယာအတွင်း ရောင်းချသဖြင့် တစ်ဆိုင်လျှင် ငွေကျပ် ၃၀၀ မှ ၅ဝဝကျပ်အထိနေ့ စဉ်လိုက်လံကောက်ခံ လျက်ရှိကြောင်း သိရသည်။
.
စားသုံးသူတစ်ဦးမှ “ကျွန်မတို့ကတော့ နီးရာဘဲ ဝယ်စားဖြစ်တယ်။ ပျံကျစျေးမှာ သွားဝယ်ရင်အသွား အပြန်ဆိုင်ကယ်ကယ်ရီခ တစ်ထောင်ကုန်မှာ။ အဲဒီငွေက အသီးအရွက်ဖိုးရတယ်။ ပျံကျစျေးထဲက စျေး သည်တွေ သနားဖို့ကောင်းတယ်။ သူတို့ရောင်းမကောင်းကြဘူးဟု ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရပ်စောက်မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူနှင့် စျေးကော်မတီဝင်များထံ သွားရောက်မေးမြန်းရာ လူ့အလို၊ နတ်မလိုက်နိုင်ဖြစ်ကြောင်း၊ စျေးသည်များအဆင်ပြေရန် ဆောင်ရွက်ပေးနေ သော်လည်း ၄င်းတို့ ကျေနပ်သည်ဟုမရှိကြောင်း၊ အဆိုပါနေရာတွင် ပျံကျစျေးလုပ်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးရုံးမှ  သဘောတူညီခဲ့ခြင်းမရှိကြောင်းနှင့် ဘောလုံးကွင်းတွင် ပျံကျစျေးလုပ်ရန် မြို့နယ်အားကာသို့ ရန်ပုံငွေထည့် ဝင်ရကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
ယခုလက်ရှိ ပျံကျစျေးကို ရပ်စောက်မြို့နယ် မြို့နယ်စည်ပင်သာယာရေးဌာန၌ တာဝန်ထမ်းဆောင်ခဲ့သူ  (ယခု-ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(လားရှိုး)၏ ပြည်နယ်ဌာနခွဲတာဝန်ခံသို့ လက်ထောက်ညွှန်ကြားရေးမှူး ရာထူးဖြင့် မေလ ၂၂ ရက်တွင်ပြောင်းရွှေ့သွား သည့် ဦးတင်ကိုကိုနှင့် စျေးကော်မတီ ဝင်များ၏ စီမံခန့်ခွဲမှုဖြင့် ဧပြီလ ၁၉ ရက်တွင်စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး သားငါးရောင်းရန် ဆိုင်ခန်း ၄၀ ကျော်အပါအဝင်၊ ဆိုင်ခန်းပေါင်း ၂၃၀ ရှိကြောင်း သိရသည်။
.
တောင်ကြီးခရိုင်အတွင်း အခြားမြို့နယ်ရှိ ပျံကျစျေးများနှင့် နှိုင်းယှဉ်ပါက သက်ဆိုင်ရာမှ စီမံခန့်ခွဲမှု၊ တာဝန်ယူတာဝန်ခံ  မှုအပိုင်းတို့တွင်အားနည်းကြောင်း၊ စည်းကမ်းဖေါက်ဖျက်ကျူးလွန်သူများအပေါ်၌လည်း ထိရောက်သော အရေးယူမှု တစ်စုံတစ်ရာမရှိကြောင်းကို စျေးသည်များနှင့် ဒေသခံလူထုမှ ပြောဆိုလျက်ရှိသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About