စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
အောင်ပန်းမြို့၌ မေလ ၁၈ ရက် ညဦးပိုင်းတွင် လူသေအောင် ကားဖြင့် တိုက်ပြီး ထွက်ပြေးမှုနှင့်
စက် ပြုပြင်စဉ် ကားခေါင်းအဖုံး ပြုတ်ကျသဖြင့် လူသေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း အောင်ပန်းနယ်မြေရဲစခန်းမှ
သိရသည်။
.
အောင်ပန်းမြို့၊
မင်္ဂလာရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၈၀/၄)နှင့် (၈၀/၅)ကြား လမ်း၏
ယာဘက်ခြမ်းတွင် လမ်းလျှောက်နေသည့် ဦးမင်းမင်း လားရာတူ အရပ်မှ မောင်းလာသည့် ယာဉ် တစ်စီးမှ
နောက်မှ ဝင်တိုက်၍ ထွက်ပြေးသဖြင့် ဦးမင်းမင်းတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ယာနဖူးပေါက်ပြဲ ဒဏ်ရာ၊ ဝဲ/ယာနား သွေးထွက်၊ ယာမျက်ခုံး ပေါက်ပြဲဒဏ်ရာနှင့်
ဝဲ/ယာ ခြေသလုံး ဖူးရောင် ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ အောင်ပန်းမြို့၊
လွယ်မယ်ကျေးရွာရှိ နေအိမ် တစ်ခုတွင် အောင်မိုးနှင့် ပလောင် တို့ ၂ ဦးသည် မော်တော်ယာဉ်များအား
ပြုပြင်နေစဉ် စက်ခေါင်းအဖုံး ပြုတ်ကျသဖြင့် ပလောင် ၏ ဦးခေါင်း ဝဲဘက် ပေါက်ပြဲဒဏ်ရာ၊
မျက်နှာပြင် ပိန်ချိုင့်ဒဏ်ရာများ ရရှိ၍ အောင်ပန်းတိုက်နယ် ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု
ခံယူနေစဉ် သေဆုံးခဲ့ရကြောင်းလည်း သိရသည်။
.
အဆိုပါ မော်တော်ယာဉ်ဖြင့်
တိုက်၍ ထွက်ပြေးသူအား အောင်ပန်းနယ်မြေရဲစခန်းမှ ယာဉ်(ပ)၃၂/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၀၄-က/၂၀၂
ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်နေလျက်ရှိပြီး၊ လူသေဆုံးအောင် စက်ပစ္စည်းများအား
ပေါ့လျော့စွာ လုပ်ငန်း လုပ်ဆောင်ခဲ့သည့် အောင်မိုးအား အောင်ပန်း နယ်မြေရဲစခန်းမှ (ပ)၁၀၀/၂၀၂၀၊
ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။