.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့၊ တိုးချဲ့အကွက်ရှိ
မြေယာများ သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ မြေပိုင်ရှင် ၁၀ ဦးတို့မှ မေလ ၁၈ ရက်တွင် နိုင်ငံတော်သမ္မတ၊
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် သက်ဆိုင်ရာ ဌာနများသို့ အသနားခံစာ တင်ပြထားကြောင်း
သိရသည်။
.
.
နမ့်စန်မြို့၊ တိုးချဲ့အကွက်ရှိ မြေပိုင်ရှင် ၁၀ ဦးတို့သည် အမည်ပေါက်
လက်ဝယ်ရရှိပြီးဖြစ်သော ၎င်းတို့ မြေများအား ခြံစည်းရိုးခတ်ခြင်း၊ မြေပြုပြင်ခြင်း၊
အိမ်ဆောက်လုပ်ခြင်းများ ပြုလုပ်ရန် သက်ဆိုင်ရာဌာနများသို့ ခွင့်ပြုချက် ရရှိနိုင်ရေးအတွက်
မြေစာရင်းရုံး၌ ၁၉၉၆ ခုနှစ်ခန့်က သွားရောက်ထုတ်ယူခဲ့ရာတွင် ယခင် လွိုင်လင်မြို့ (ယခု)
မိုင်းနောင်မြို့ရှိ အမှတ် (၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တပ်မှ သိမ်းယူပြီးဖြစ်ကြောင်း
ပြောဆိုကာ မြေပုံများ ရေးဆွဲပေးခဲ့ခြင်း မရှိကြောင်း သိရသည်။
“ကျွန်တော်တို့ ပိုတဲ့နေရာကို တိုးလ်ဂိတ်ကုမ္ပဏီက ဆောက်မှာပါ။ အခု
ပင်စင်လေးနဲ့ မြို့ရှောင်လမ်းမှာ ဝယ်ပြီးနေနေ ရတယ်။ မြေကို သိမ်းတယ်၊ ပြန်ပေးတယ် ဘာမှ
အကြောင်းမကြားဘဲနဲ့ အခုမှ ကုမ္ပဏီကနေ တိုးလ်ဂိတ် ဆောက်မယ် ဆိုပြီးဖြစ်လာတယ်။ အဲဒါကို
သိချင်တဲ့အတွက် ကန့်ကွက်စာ တင်တာပါ” ဟု မြေသိမ်းဆည်းခံရသူတစ်ဦးဖြစ်သူ အငြိမ်းစားတပ်မတော်သားဟောင်း
ဦးစိန်ထွန်း က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မြေများကို တပ်မတော်မှ သိမ်းဆည်းခဲ့သည် ဆိုသော်လည်း ယခုအချိန်အထိ
မြေပိုင်ရှင်များအား သက်ဆိုင်ရာ ဌာနများမှ တစ်စုံတစ်ရာ အကြောင်းကြားခြင်း၊ အသိပေးခြင်း
လုံးဝမရှိခဲ့ဘဲ ၎င်းမြေမှာ မြေလွတ်မြေရိုင်းအဖြစ်သာ
တည်ရှိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းမြေပေါ်တွင် အရပ်ဘက်ကုမ္ပဏီတစ်ခုဖြစ်သော နေမင်းရောင် ဆောက်လုပ်ရေးကုမ္ပဏီမှ
လမ်းအသုံးပြုခ ကောက်ခံရေးဂိတ် ဆောက်လုပ်ရန်အတွက် ဆိုင်းဘုတ်များ စိုက်ထူထားခြင်းကြောင့်
ဆုံးရှုံးနစ်နာခဲ့သော မြေပိုင်ရှင် များမှ ဥပဒေနှင့်အညီ စိစစ်၍ မြေကွက်များ ပြန်လည်ပေးအပ်ရန်
လျှောက်ထားတင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။
.
အသနားခံစာ တင်ပြထားသည့် မြေသိမ်းဆည်းခံရသူများမှာ နမ့်စန်မြို့တွင်
နေထိုင်သူ ၄ ဦး၊ လွိုင်လင်မြို့တွင် နေထိုင်သူ ၄ ဦး၊ အောင်ပန်းမြို့တွင် နေထိုင်သူ
၁ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သူ ၁ ဦးတို့ဖြစ်ပြီး
အသနားခံစာကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပြင် ဒုတိယသမ္မတ
(၂) လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၊ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်၊ လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊
အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ရှမ်းပြည်နယ်အုပ်ချုပ်ရေးမှူး ထံသို့လည်း
လိပ်မူပေးပို့ထားကြောင်း သိရသည်။
.