နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင်
ယနေ့ မေလ ၈ ရက်၊ နံနက်အစောပိုင်းက သင်္ကန်းဝတ်ဆင်ထားသူတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
အေးသာယာနယ်မြေရဲစခန်းမှ နယ်ထိန်းအရာရှိ ဦးစီးသော တပ်ဖွဲ့ဝင်များသည်
မူးယစ်ဆေးဝါး သတင်းအရ မေလ ၈ ရက်၊ နံနက် ၂ နာရီခွဲ ခန့်တွင် သက်သေများနှင့်အတူ အေးသာယာမြို့၊
မုံတဝ-စက်မှုဇုန်လမ်းတွင် စောင့်ဆိုင်းနေစဉ် မုံတဝဘက်မှ စက်မှုဇုန်ဘက်သို့ မော်တော်ဆိုင်ကယ်ဖြင့်
မောင်းနှင်လာသည့် မုံတဝဘုန်းကြီးကျောင်းနေ ရှင်စန္ဒာသီရိ၊ လူအမည် ဇော်သက် (၂၀ နှစ်)
အား စစ်ဆေးရာ ၎င်းခါးပန်းကြိုးအတွင်း သိုဝှက်သယ်ဆောင်လာသည့် အဖြူရောင် ပလတ်စတစ်အိတ်အတွင်းမှ
WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၄၉ ပြား၊ တန်ဖိုးငွေ ၄၉၀၀၀ ကျပ်အား ဖမ်းဆီးရမိခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ရှင်စန္ဒာသီရိ (ခ) ဇော်ထက်အား
မုံတဝဘုန်းတော်ကြီးကျောင်းသို့ ခေါ်ဆောင် သွားပြီး ၎င်းကျောက်းတိုက်နေ ဆရာတော် ဦးထေရဝံသမှ
သိက္ခာချ လူဝတ်လဲစေခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ၎င်းအား စစ်ဆေးမေးမြန်းရာ အဆိုပါ မူးယစ်ဆေးဝါးများကို
အသက် ၄၀ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးထံမှ တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ကိုယ်တိုင်သုံးစွဲရန်
ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်ပါ၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသည့် ရှင်စန္ဒာသီရိ(ခ)
ဇော်ထက်အား အေးသာယာနယ်မြေ ရဲစခန်းမှ မူး/စိတ်ပုဒ်မ ၁၉(က)အရဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပြီး
ကွင်းဆက်များအား စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
.