မင်းဇော်မင်း
.
.
နိုင်ကျဉ်းများသည် အော်ဖား၊ ကပ်ဖား၊ ရပ်ဖား၊ အာဝါဒေးများမဟုတ်ကြပါ၊ အကျိုးလို၍ ညောင်ရေလောင်းခဲ့ကြသူများ မဟုတ်ကြပါ။
.
ညီညွတ်ခြင်းသည် အင်အားဟု ဆိုသည်။
.
သစ်ခုတ်သမားများနှင့် ပန်းပုထုသူများ ညီညွတ်ခြင်းသဘောဆောင်သည့်
တွေ့ဆုံမှုသည် သမိုင်းတစ်ခုရေးထိုးနိုင်မည် ဖြစ်သလို မော်ကွန်းလည်း တွင်ရစ်မည်ဖြစ်သည်။
.
တောင်ကြီးမြို့၊ အောင်မြေဘုံစံကျောင်းတိုက်တွင် ၂၀၂၀ ပြည့်နှစ်၊
မေလ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ရှမ်းပြည် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ နိုင်/ကျဉ်းမှသည်
နိုင်/ကျဉ်းဆီသို့ အစည်းအဝေးပြုလုပ်ခဲ့ရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီး
ဦးစိုးညွန့်လွင်လာရောက်ကာ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် အပါအဝင် ဝန်ကြီးအချို့မှ ၎င်းတို့၏
ကိုယ်ပိုင်ငွေဖြင့် လာရောက် ထည့်ဝင် လှူဒန်းခဲ့ကြသည့် ဖြစ်စဉ်သည် သမိုင်းဝင် နိုင်ငံရေးညီညွတ်မှု
တစ်ခုပင်ဖြစ်ပေသည်။
အဘယ့်ကြောင့်ဆိုသော် အခြားနေရာများတွင် နိုင်/ကျဉ်းမှသည် နိုင်/ကျဉ်းဆီသို့
အစီအစဉ်များပြုလုပ်နေရာ ဥပမာအားဖြင့် မန္တလေး အထက်မြန်မာပြည် နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်တွင်
ရှေ့နေကြီး ဦးသိန်းသန်းဦးနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟတို့ ဦးစီးဦးရွက်ပြု၍
တတ်စွမ်းသမျှလုပ်ဆောင်ပေးနေသလို ရန်ကုန်တွင်လည်း လုပ်ဆောင်နေကြရာ နိုင်ကျဉ်းမဟုတ်သည့်
အစိုးရတစ်ရပ်မှ ပါဝင်ကူညီလုပ်ဆောင်လာခြင်း၊ NLD ဖြစ်ခြင်းမဖြစ်ခြင်းမှ မဟုတ်ဘဲ ရှမ်းအစိုးရဝန်ကြီးများထဲတွင်
NLD ပါတီဝင်ဝန်ကြီးများသာမက အခြားပါတီဝင် ဝန်ကြီးများကပါ တစ်တပ်တစ်အား ပါဝင်လာခြင်း
တို့သည် သုတိ ကောင်းမြတ် ညီညွတ်ခြင်း၊ နိုင်ကျဉ်းဟောင်း သစ်ခုတ်သမားများကို ပန်းပုဆရာများက
အသိ အမှတ်ပြု အထောက်အပံ့ပြုခြင်း၊ နိုင်ကျဉ်း များကို အသိအမှတ်ပြုခြင်း စသည်များပါဝင်
နေသည်မှာ ယင်းအစီအစဉ်ဖြစ် မြောက်အောင် ကမကထပြုခဲ့သည့် ၈၈၈၈ ဆရာတော် နှင့် ညောင်ရွှေမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် NLD မှ ဦးနေမျိုး ၏ ဂုဏ်ယူဖွယ်လုပ်ဆောင်ချက်ဟု အမွှန်းတင်လိုပါသည်။
.
ဤနေရာတွင် လော်ဘီလုပ်နေခြင်း၊ ဖားနေခြင်းမဟုတ်ပါ၊ နိုင်ကျဉ်းများသည်
အသနားခံသတ္တဝါ မဟုတ်ကြောင်း အခွင့်ထူးခံများမဟုတ်ကြောင်း အစည်းအဝေးတက်ရောက်သည့် ဦးမြင့်ဌေး
ခေါ် ဘယ်ကျော်က ထောက်ပြခဲ့ပြီး နိုင်ကျဉ်းများ စုစည်းမိခြင်း၊ အကူအညီလိုအပ်နေသူများကို
ထောက်ပံ့ခြင်းဖြင့် တစ်ချိန်တစ်ခါက နိုင်ငံ့အတွက် ယုံကြည်ချက်အရ လုပ်ဆောင်ရာမှ နစ်နာခဲ့မှုများကို
အသိအမှတ်ပြုခြင်းသည် လူ့အဖွဲ့အစည်းတစ်ခု၏ မြင့်မားသည့် စိတ်ဓာတ်ခံယူချက်တစ်ရပ်အဖြစ်
ရှုမြင်ရမည်ဖြစ်ပေသည်။
.
နိုင်ကျဉ်းများသည် အော်ဖား၊ ကပ်ဖား၊ ရပ်ဖား၊ အာဝါဒေးများမဟုတ်ကြပါ၊
အကျိုးလို၍ ညောင်ရေလောင်းခဲ့ကြသူများ မဟုတ်ကြပါ။ ခါတော်မီ များမဟုတ်ကြပါ၊ နိုင်ငံအတွက်
မိမိတို့၏ဘဝများကို စွန့်လွှတ်ခဲ့ကြသူများဖြစ်ပါသည်။ မတရား စစ်အာဏာရှင်၏ လက်အောက်မှ
လွတ်မြောက်နိုင်ရေး ပေးဆပ်ခဲ့သူ များဖြစ်သလို ပေးဆပ်ဆဲလဲဖြစ်သည်။
.
နိုင်ကျဉ်းဆိုတိုင်း NLD ပါတီဝင်မဟုတ်ကြပါ၊ သို့သော် ဒီမိုကရေစီ
၏ အလံတော်အောက်တွင် ရဲဝံ့စွန့်စားကိုယ်ကျိုး စွန့်ခဲ့ကြသူများသာ ဖြစ်သည်။ မတရားမှုအောက်တွင်
အသက်သွေးချွေးများ ကျခဲ့ရသည်။ ဘဝများ နစ်မွန်းခဲ့ရသည်။ မိသားစုများ ပြိုကွဲနစ်နာခဲ့ကြရသည်။
လက်ရှိပစ္စက္ခ နိုင်ငံရေးအခြေအနေမှာလည်း လူထုတစ်ဝက် စစ်တပ်တစ်ဝက် အခြေအနေဖြစ်နေဆဲဖြစ်ရာ
ဒီမိုကရေစီနိုင်ငံတော်အတွက် နိုင်ကျဉ်းများအနေဖြင့် ဆက်လက်၍ ဝန်းရံလုပ်ဆောင်နေ ကြဆဲဟု
ဆိုချင်ပါသည်။
.
ရှမ်းပြည်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တွင် ၈၈ နောက်ပိုင်း
၄၆ ဦးဟု သန်းနိုင် က စုစည်းတင်ပြခဲ့ရာ ဦးတင်မောင်တိုး အပါအဝင် ၁၂ ဦးမှာ သေဆုံးခဲ့ပြီးဖြစ်ပေသည်။
စာရင်းထဲတွင် SSPP မှ ဗိုလ်ချုပ်ကြီးဆေထင်၊
SNLD မှ ဦးခွန်ထွန်ဦး၊ ဦးစိုင်းညွန့် လွင်၊ ပအိုဝ်းအဖွဲ့အစည်းမှ ခွန်မြင့်ထွန်း တို့ပါဝင်နေကြသည်ဖြစ်ရာ
နိုင်ကျဉ်းတိုင်း NLD မဟုတ် သည့်အပြင် နိုင်ငံရေးရောင်စုံညီညွတ်ခြင်းပင်တည်း။
.
သို့အတွက် သစ်ခုတ်သမား နိုင်ကျဉ်းများနှင့် ရှမ်းအစိုးရပန်းပုဆရာများ
ညီညွတ်သည့် နိုင်/ကျဉ်းမှသည် နိုင်/ကျဉ်း ဆီသို့ အစီအစဉ်သည် လူ့အဖွဲ့အစည်းအတွက် အလိုအပ်ဆုံး အသိအမှတ်ပြုခြင်းဆိုသည့်
သင်္ကေတတစ်ခုကို ဖော်ဆောင်သည့် မင်္ဂလာရှိသော သမိုင်းတစ်ခု၊ မော်ကွန်းတစ်ခုဟုပင် ဆိုချင်ပါသတည်း။ ။
.