အောင်ပန်းသို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်အားလုံး ဟိုက်ဒရိုကွင်းတွင်သာ ကုန်တင်ကုန်ချ ရပ်နားခွင့်ပြုမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းသို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်အားလုံး ဟိုက်ဒရိုကွင်းတွင်သာ ကုန်တင်ကုန်ချ ရပ်နားခွင့်ပြုမည်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့သို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များအားလုံး ရပ်ကွက်/ကျေးရွာများအတွင်း  ဝင်ရောက်ခြင်းမပြုဘဲ COVID-19 ကာလအတွင်း ကုန်တင်ကုန်ချပြုလုပ်ရန် ယာယီ သတ်မှတ်ထားသည့် ညောင်ပင်ထောင်ရပ်ကွက်ရှိ ဟိုက်ဒရိုကွင်း၌သာ ကုန်တင်ကုန်ချနှင့် ညအိပ်ရပ်နားခြင်း ပြုလုပ် ရမည်ဖြစ်ကြောင်း သိရသည်။
.
.
အောင်ပန်းမြို့၊ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ အနေဖြင့် ရောဂါဖြစ်ပွားကူးစက်မှု မရှိစေရေးနှင့် ကုန်စည်များ ကူးသန့်ပို့ဆောင်မှု အဆင်ပြေစေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ပွဲရုံ၊ ကုန်တင်ယာဉ်လုပ်ငန်း ရှင်များ၊ မြို့အထောက်အကူပြုကော်မတီဝင်များ စုပေါင်းဆွေးနွေးအား အားလုံး၏ သဘောတူညီချက်ဖြင့် ယင်းကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ် ထံက သိရသည်။
.
“အောင်ပန်းရဲ့အဓိကထွက်ကုန်က ရာသီကုန်စိမ်းတွေဖြစ်ပြီး ဒီကပို့တဲ့ မီးဖိုချောင်သီးနှံတွေက အောက်ပြည်အောက်ရွာ အတွက် အထူးလိုအပ်ချက်ဖြစ်လို့ ကုန်စည်ပို့ဆောင်ရေးလည်း စဉ်ဆက်မပြတ် အဆင်ပြေချောမွေ့အောင်နဲ့ COVID-19 ရောဂါ ဖြစ်ပွားကူးစက်မှု မရှိအောင် တိုင်ပင်ပြီး လုပ်ဆောင်ကြရခြင်းဖြစ်ပါတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးဇော်မင်းလတ်က ပြောသည်။
.
အောင်ပန်းမြို့တွင် COVID-19 အတည်ပြုလူနာ မရှိသေးသော်လည်း အကယ်၍ ပေါ်ပေါက်ခဲ့ပါက လူထုအတွက် လိုအပ်သည့် စားသောက်ကုန်လုပ်ငန်းများ ရပ်တန့်မသွားစေရေး၊ ညမထွက်ရအမိန့်များအရ အခြားဒေသများသို့ ကုန်စည်ပို့ဆောင်ရာတွင် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့် ရရှိစေရေးတို့အတွက် သက်ဆိုင်ရာ ဒေသ များရှိ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆို ခဲ့သည်။
.
ဟိုက်ဒရိုကွင်းတွင် ကွင်းဝင်ကြေး အနေဖြင့် ပြင်ပယာဉ် တစ်စီးလျှင် ကျပ် ၂၀၀၀၊ မြို့တွင်ယာဉ် ကျပ် ၁၀၀၀ နှင့် ခေါက်တိုယာဉ်များအတွက် အခမဲ့ သတ်မှတ်ထားပြီး ညအိပ်ရပ်နားပါက ယာဉ်မောင်းနှင့် ယာဉ်အကူသာ အိပ်ရန်၊ နေအိမ်များသို့ သွားရောက်ခြင်းမပြုရန်၊ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ကုန်တင်ကုန်ချ ပြုလုပ်ရန်၊ ကွင်းအတွင်း ချက်ပြုတ်စားသောက်ခြင်း မပြုဘဲ ပါဆယ်မှာယူစားသောက်ရန်၊ သန့်ရှင်းရေး၊ အိမ်သာရေချိုးခန်း သုံးစွဲမှု အဆင်ပြေစေရန်နှင့် အခြား ပြဿနာများ မပေါ်ပေါက်စေရေးအတွက် သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာ ကြရန် ဟိုက်ဒရိုကွင်း စီမံခန့်ခွဲရေးအဖွဲ့မှ မေတ္တာရပ်ခံ ပန်ကြားထားသည်ဟု သိရသည်။
.
အဆိုပါ ဟိုက်ဒရို ယာယီယာဉ်ရပ်နားကွင်းမှာ ကားစီးရေ ၁၀၀ ကျော် ရပ်နားနိုင်ပြီး လိုအပ်ပါက အခြားနေရာ များတွင်လည်း ယာယီရပ်နားနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
.
“တစ်ရက်ကို ကုန်ဆွဲရင် ဆွဲသလို အစီးရေ ၁၀၀ လောက်ထွက်တယ်။ အဓိက ရန်ကုန်ပို့တဲ့ ကုန်စိမ်းက လမ်းမှာ ည မအိပ်ရဖို့ လိုတယ်။ ကားသမားအတွက်လည်း အဆင်ပြေအောင် လိုအပ်တဲ့ အထောက်အပံ့တွေ ဆောင်ရွက်ဖို့ စီစဉ် ထားပါတယ်” ဟု အောင်ပန်းမြို့ရှိ ယာဉ်လိုင်းပိုင်ရှင်များက ပြောသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသနှင့် အောင်ပန်းမြို့မှ ထွက်ရှိသည့် ရာသီသီးနှံ ကုန်စိမ်းများကို နေပြည်တော်၊ တောင်ငူ၊ ပဲခူး၊ ရန်ကုန်နှင့် မန္တလေးမြို့များရှိ စားသုံးသူဈေးကွက်များသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats