အောင်ပန်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်း အုတ်တံတိုင်းများ ပြိုကျ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်း အုတ်တံတိုင်းများ ပြိုကျ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယမန်နေ့ ဧပြီလ ၃၀ ရက်၊ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် အထက်တန်းကျောင်းများ၏ ခြံစည်းရိုး အုတ်တံတိုင်းများ ပြိုကျပျက်စီး ခဲ့ကြောင်း သိရသည်။
.
.
ပြိုကျပျက်စီးခဲ့သည့် အုတ်တံတိုင်းများမှာ အောင်ပန်းမြို့၊ အမှတ် (၃) ရပ်ကွက်၊ နယ်မြေ (၁) ရှိ မြို့မပြင်သာ ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်းနှင့် အမှတ် (၁) ရပ်ကွက်၊ မြင့်မိုရ်လမ်းရှိ အမှတ် (၅) အခြေခံပညာအထက်တန်း ကျောင်း အုတ်တံတိုင်းများ ဖြစ်သည်ဟု အောင်ပန်းမြို့ စည်ပင်သာယာရေးဌာနခွဲမှ သိရသည်။
.
“ကျောင်းအုတ်တံတိုင်းက ပြန်လုပ်ရမယ်ဆိုရင် ၄၈ သိန်းလောက် ကုန်နိုင်မယ်။ အရင်ကုန်ကျခဲ့တဲ့ စာရင်းအရတော့ ပျက်စီးမှုတန်ဖိုး ၁၉ သိန်း ၂ သောင်းဖြစ်တယ်။ ကျောင်းဖွင့်အမီ လုံခြုံရေးအတွက် ပြန်ကာဖို့ကတော့ ကျောင်းအကျိုး တော်ဆောင်အဖွဲ့နဲ့ ပညာရေးဌာနတို့ ဘယ်လိုလုပ်မယ်ဆိုတာ ညှိနှိုင်းတိုင်ပင်ရမှာ ဖြစ်ပါတယ်” ဟု အောင်ပန်းမြို့၊ စည်ပင်သာယာရေးဌာနခွဲမှ ဦးစီးအရာရှိ ဦးနိုင်မျိုးဦး ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မိုးရွာသွန်းမှုကြောင့် အောက်ခြေမြေသားများ ပြိုကျခဲ့သဖြင့် ည ၁၀ နာရီခန့်တွင် ပြင်သာကျောင်း ခြံစည်းရိုး အုတ်တံတိုင်း အမြင့် ၁၀ ပေ၊ အရှည် တစ်ခန်း ၈ ပေနှုန်းဖြင့် ၇ ခန်း၊ စုစုပေါင်း ၅၆ ပေ ပြိုကျပျက်စီးခဲ့ပြီး ည ၁၂ နာရီကျော်ခန့်တွင် အထက (၅) ကျောင်း အုတ်တံတိုင်း အလျား ၈၆ ပေ၊ အမြင့် ၁၀ ပေ ပြိုကျပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ပြင်သာဘုန်းကြီးကျောင်း အနောက်တောင်ဘက်ရှိ အုတ်တံတိုင်း ပြိုကျပျက်စီးမှုကြောင့် အနီးရှိ နေအိမ် ဝရန်တာတစ်ခု အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။
.
ယင်းပြိုကျပျက်စီးခဲ့သည့် အုတ်တံတိုင်း အပိုင်းအစများအား ယနေ့ မေလ ၁ ရက်တွင် အောင်ပန်းမီးသတ်ဦးစီးဌာနနှင့် အောင်ပန်းပညာရေးတပ်မှ အရာရှိ၊ စစ်သည်များ၊ ဒေသခံပြည်သူများမှ ဖယ်ရှားရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
တောင်ကြီးမြို့ရှိ မိုးလေဝသစခန်း၏ မေလ ၁ ရက် ထုတ်ပြန်ချက်အရ ဧပြီလ ၃၀ ရက်က ဟဲဟိုးမြို့တွင် မိုးရေချိန် ၀ ဒသမ ၉၈ လက်မ၊ ပင်လောင်းတွင် ၂ ဒသမ ၄၈ လက်မနှင့် တောင်ကြီးတွင် ၀ ဒသမ ၈၆ လက်မ ရွာသွန်းခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats