မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင်
မေလ ၂ ရက်၊ ညနေ ၃ နာရီကျော်ခန့်က မိုးသက်လေပြင်း ကျ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်
မက်မုန်မွန်း အမှတ်(၂)စံပြကျေးရွာရှိ မျိုးဆက်သစ်ပရဟိတ ဘော်ဒါဆောင်မှ အဆောက်အဦ အချို့
ပြိုကျ ပျက်စီးဆုံးရှုံးခဲ့ရသည့် အပြင် ကျေးရွာအချို့ရှိ အဆောက်အဦများ၊ စာသင်ကျောင်းများလည်း
ပျက်စီးခဲ့ရကြောင်း သိရသည်။
.
“ ၄၅ မိနစ်လောက်အတွင်းမှ ကျောင်းဆောင် ပြိုသွားတယ်၊
အမိုးတွေလည်း လေထဲ လွင့်ပါနဲ့ လုံးဝနီးပါး ပျက်စီးသွားတယ်။ ကလေးတွေတော့ အထိအခိုက် မရှိပါဘူး။
အပျက်အစီးတွေတော့ တောင်တန်းလူငယ်အဖွဲ့၊ လေတပ်ဌာနချုပ်က လာပြီး ဖယ်ရှား သန့်ရှင်းပေးပါတယ်။”
ဟု မျိုးဆက်သစ်ပရဟိတ ဘော်ဒါဆောင်မှ တာဝန်ခံ ဦးစိုင်းအောင်မိုင်းက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
COVID-19 ရောဂါကြောင့် လူစုလူဝေး မဖြစ်စေရန် ကျောင်းရှိ ကျောင်းသားများအား
ပြန်လွှတ်ထားခြင်းကြောင့် ကျောင်းသား ၁၀ ဦးခန့်သာ ရှိသဖြင့် အထိအခိုက် မရှိခဲ့သော်လည်း
အလျား ပေ ၁၀၀၊ အနံ ပေ ၂၀ ခန့်ရှိသည့် စာသင်ဆောင်မှာ ပြိုကျပျက်စီးခဲ့ပြီး၊ အလျား
၇၅ ပေ အနံ ပေ ၂၀ ခန့် ရှိသည့် အမျိုးသားအိပ်ဆောင်၏ သွပ်အမိုးများမှာ လေနောက် လွင့်ပါ
ပျက်စီးခဲ့ရကာ ဆုံးရှုံးပျက်စီးမှု ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၇၀ ကျော်ခန့် ရှိကြောင်းနှင့်
ကျောင်းဆောင်များအား ကျောင်းဖွင့်ရက်အမီ ပြန်လည်တည်ဆောက်နိုင်ရေး လိုအပ်ကြောင်း
၎င်းက ပြောသည်။
.
အဆိုပါ မျိုးဆက်သစ်ပရဟိကျောင်းတွင် ကျေးသီး၊
ပင်လုံ၊ လဲချား၊ မိုင်းရှုး၊ ကာလိ၊ ကွန်ဟိန်း၊ မိုင်းကိုင်၊ ကျိုင်းတုံ၊ တာချီလိတ်၊
မိုင်းပျဉ်း၊ နမ့်စန်တို့မှ
ကျောင်းသားဦးရေ ၁၅၀ ခန့် ရှိပြီး ပညာ သင်ကြားရန် အခက်အခဲ ရှိသူများအတွက် ပရဟိတကျောင်းအဖြစ်
ဖွင့်လှစ်ထားရခြင်း ဖြစ်ကြောင်း သိရသည်။
.
“ ရွာတွေ ရောက်နေပါတယ်။ ရွာ ၄/၅ ရွာ ပျက်စီးတယ်။
အပျက်အစီး စာရင်းတွ ကောက်ရင်း သူတို့ကိုလည်း အားပေးရင်း ရောက်နေပါတယ်။ အခုကွင်းဆဲ ဖြစ်လို့
အခြေအနေ အတိအကျ ပြောပြလို့ မရသေးလို့ပါ။” ဟု နမ့်စန်မြို့မှ ရှမ်းပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မိုးသက်လေပြင်းကျရောက်မှုကြောင့်
နမ့်စန်မြို့နယ်အတွင်းရှိ အမှတ်(၉)ရွာ၊ ဟိုမီးရွာမှ အိမ်ခြေ ၃၀ ၊ ပန်လင်းဆိုင်၊
ဝမ်ပန် စာသင်ကျောင်း၊ ဟိုပုန်းကျောင်း အမိုးများ လန်ကာ ပျက်စီးခဲ့ရသည့် အပြင် အမှတ်(၅)၊
အမှတ်(၄) ၊ နမ့်မန်းရွာရှိ အိမ် အများစုတွင် အမိုးများ ပျက်စီးခဲ့ရကြောင်း ဦးလင်းအောင်ဆွေက
ကနဦး ကွင်းဆင်း ကြည့်ရှုခဲ့သည့် အခြေအနေအား ရှင်းပြခဲ့သည်။
.
“ ပန်းကမ္ဘာ အောက်ဖက်တော့ သစ်ပင်တွေ လဲတယ်။
ဘောလုံးကွင်းထဲလည်း လဲတယ်၊ ကြော်ငြာ ဆိုင်းဘုတ်တွေလည်း လန်ကုန်တယ်။ မီးက မိုးစ ရွာကတည်းက
ဖြတ်ထားတော့ တော်သေးတယ်၊ ဓာတ်တိုင်တွေ လဲတယ်၊ ခုထိတော့ ပျက်စီးမှု အသေးစိတ် မရနိုင်သေးဘူး၊
မနက်ဖန် ညနေအထိ ရှင်းလင်းရမယ် ထင်ပါတယ်။” ဟု နမ့်စန်မြို့နယ် စည်ပင်သာယာရေးဌာနမှ
အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးက ပြောသည်။
.
မိုးရွာသွန်းမှု များပြားပြီး အချို့သော နေရာများ၊
လမ်းများပေါ်တွင် ရေများ ဖုန်းလွှမ်းကာ အသွားအလာများ ရပ်တန့်ခဲ့ရသော်လည်း မိုးတိတ်သွားပြီးနောက်
အပျက်အစီးများကို ဒေသခံများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်သားများက စုပေါင်း
ရှင်းလင်း လုပ်ဆောင်နေလျက် ရှိကြောင်း သိရသည်။
.