.
ရှမ်းပြည်နယ်
စည်ပင်သာယာရေးဌာနမှ ဆေးဝါးနှင့် ကုန်ခြောက်ဆိုင်ခန်းများအား ပြန်လည် ဖွင့်လှစ်ခွင့်
ပြုထားသော်လည်း မြို့တော်တောင်ကြီးရှိ စည်ပင်သာယာရေးဌာနပိုင် ဈေးများအား မေလ ၃၁
ရက်ထိ ဆက်လက် ပိတ်သိမ်းထားမည် ဖြစ်ကြောင်း သိရသည်။
.
“ ဈေး အပြင်ဘက်မှာ ရှိတဲ့ ဆေးဝါးဆိုင်တော့ ဖွင့်ပေးလိုက်တယ်။
အတွင်းဘက်တော့ လုံခြုံရေးပိုင်းအရ အထပ်မြင့်စျေးတွေ ဆိုတော့ အဆင်မပြေဘူးလေ။ ကုန်ခြောက်ကလည်း
စျေးအတွင်းမှာ ဆိုင်ကြီးဆိုလို့ အများဆုံး ၇ ဆိုင်လောက်ပဲ ရှိတယ်။ ဒါကလည်း တစ်ရုံထဲမှာ
စုနေတာ မဟုတ်ဘူး၊ ကွဲနေတာဆိုတော့။ ဈေး ဖွင့်ပြီဆိုရင် စျေးက အကုန်လုံး ဖွင့်ရမှာလေ။
နောက်တစ်ချက်က ပျံကျတွေပေါ့ တိုးဝင်လာမှာ ကြောက်ရတာလေးလည်း ရှိတယ်။ အခက်အခဲတွေရှိလို့
ပိတ်ထားလိုက်တာ။”ဟု တောင်ကြီးမြို့ မြို့မစျေးတာဝန်ခံ ဦးခင်အေးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ထို့အပြင်
မေလ ၃၁ ရက် ပြည့်မြောက်သော်လည်း ဈေးများ ပြန်လည် ဖွင့်လှစ်မည့် အခြေအနေကို အတိအကျ
မသိရှိသေးဘဲ အထက်ဌာနများ၏ ညွှန်ကြားချက်အတိုင်းသာ ဆောင်ရွက်သွားမည်
ဖြစ်ကြောင်းကိုလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
.
လက်ရှိတွင်
တောင်ကြီးမြို့ပေါ်ရှိ စည်ပင်သာယာရေးဌာနပိုင်ဈေးများအား ယာယီ ပိတ်သိမ်းထားပြီး သက်ဆိုင်ရာ
ရပ်ကွက်၊ မြို့နယ်အလိုက် ယာယီဈေး ရောင်းချရန် သတ်မှတ်နေရာများ၌ ဟင်းသီးဟင်းရွက်နှင့်
သားငါးများကို ရောင်းချခွင့် ပြုထားကြောင်း သိရသည်။
.
ရှမ်းပြည်နယ် အတွင်းရှိ
မြို့၊ ကျေးရွာ အသီးသီး၌ ဖွင့်လှစ် ရောင်းချလျက်ရှိသည့် ငါးရက်တစ်ဈေးနှင့် ညဈေးများ
(ပုံမှန် ဖွင့်လှစ် ရောင်းချနေသည့် ဈေးများ မပါ) အား မေလ ၃၁ ရက်ထိ ဆက်လက် ပိတ်သိမ်းသွားရန်၊
ဌာနပိုင် ပုံမှန်ဖွင့်လှစ် ရောင်းချနေသည့် ဈေးများတွင် ဈေးအတွင်း စားသောက်ကုန်နှင့်
ဆေးဝါးများ ရောင်းချသည့် ဆိုင်များ အပ ကျန်ဆိုင်ခန်းများအား ဖွင့်လှစ် ရောင်းချခြင်း
မပြုရန်၊ ဖြန့်ခွဲ ရောင်းချနေသော သား/ငါးနှင့် ဟင်းသီးဟင်းရွက် ယာယီဈေးများအား ပုံမှန်အတိုင်း
ဆက်လက် ဖွင့်လှစ် ရောင်းချသွားရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနသို့
မေလ ၁၅ ရက်တွင် ညွှန်ကြားထားသည်။
.