မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
အောင်ပန်းမြို့၊ သာမိုင်းခမ်းကျေးရွာအနီးတွင် မေလ ၁၆ ရက် နံနက်ပိုင်းက သဲကျင်း ပြိုကျသဖြင့်
အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း အောင်ပန်းနယ်မြေရဲစခန်းမှ သိရသည်။
.
အောင်ပန်း
တိုက်နယ်ဆေးရုံသို့ မေလ ၁၆ ရက်၊ နံနက်ပိုင်းတွင် သဲကျင်းပိ သေဆုံးသည့် အလောင်း ရောက်ရှိနေကြောင်း
သတင်းအရ အောင်ပန်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူများက သွားရောက် စစ်ဆေးရာ အောင်ပန်းမြို့၊
သာမိုင်းခမ်းကျေးရွာနေ အသက် ၄၉ နှစ်အရွယ် ဦးလှမောင်သည် ရင်ဘတ်နှင့် ဝမ်းဗိုက် ပွန်းပဲ့ဒဏ်ရာ၊
လက်ဖျံနှင့် လက်ခုံ ပွန်းပဲ့ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရခြင်း ဖြစ်ကြောင်း
သိရသည်။
.
“ ဆေးရုံရောက်မှ
ဆရာဝန်က စမ်းသပ်တော့ အသက် မရှိတော့ဘူးလို့ သိရတာ။ စစ်ဆေးနေဆဲပါ။” ဟု အောင်ပန်း နယ်မြေရဲစခန်းမှ
ဒုရဲအုပ် ကိုလတ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
သေဆုံးသူ
ဦးလှမောင်သည် တစ်ရွာတည်းနေ ဦးမောင်ဝင်း၊ ကိုစန်းလေးတို့နှင့်အတူ သာမိုင်းခမ်းကျေးရွာ
အရှေ့ဘက် ၂ မိုင်ခန့် အကွာရှိ သဲကျင်း၌ သဲတူးနေစဉ် မေလ ၁၆ ရက် ၊ နံနက် ၅ နာရီခွဲခန့်၌
သဲကျင်း၏ အပေါ်ဘက် အမြင့် ၁၀ ပေခန့်မှ ကျောက်တုံး ပြုတ်ကျ၍ ဦးလှမောင်အား ထိမှန်ကာ ဒဏ်ရာများ
ရရှိခဲ့ပြီး အောင်ပန်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍
ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက် အောင်ပန်း နယ်မြေရဲစခန်းမှ
သေမှုသေခင်းအမှတ် (၇/၂၀၂၀) ဖြင့် အမှုဖွင့်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း
သိရသည်။
.