ညောင်ရွှေဟော်အား ပြန်လည်လွှဲပြောင်းမှု မပြုနိုင်ကြောင်း ပြန်ကြားချက်မှာ ယဉ်ကျေးမှု၊ လေးစားမှု မရှိသည့် လုပ်ရပ်ဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, May 24, 2020

ညောင်ရွှေဟော်အား ပြန်လည်လွှဲပြောင်းမှု မပြုနိုင်ကြောင်း ပြန်ကြားချက်မှာ ယဉ်ကျေးမှု၊ လေးစားမှု မရှိသည့် လုပ်ရပ်ဟု ဆို


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် တည်ရှိသည့် ညောင်ရွှေဟော်နန်းအား ပြန်လည် လွှဲပြောင်းပေးနိုင်ရန် တောင်းခံခဲ့သည့်အပေါ် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပြန်ကြားချက်သည် ယဉ်ကျေးမှု၊ လေးစားမှု မရှိသည့် လုပ်ရပ်ဟု ဟော်နန်းအား ပြန်လည် တောင်းခံသူ ဒေါ်စဝ်ဟေမာသိုက်က ပြောသည်။
.
“ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆုံတဲ့ အခါတိုင်းလည်း ဒီကိစ္စကို ပြောတယ်၊ နေပြည်တော်မှာ ပြောကြတာပေါ့လို့ ပြီးခဲ့တဲ့ ပင်လုံမှာတွေ့တုန်းက ပြောခဲ့ပေမဲ့ ခု ရောဂါကြောင့် မသွားရ၊ မလာရ ကန့်သတ်ထားမှုတွေနဲ့ မသွားနိုင်ခဲ့တာ။ ခုလို ပြန်မလွှဲနိုင်ဘူးလို့ စာနဲ့ ရေးလာတော့ ရှမ်းအစိုးရနဲ့လည်း သိနေတာကို လူကြီးတစ်ယောက်လေ၊ အသက်လည်း ၇၅ နှစ်ကျော်ပြီလေ။ အဲဒါ မလေးစားရာ ယဉ်ကျေးမှု မရှိရာ ရောက်တယ်လို့ပဲ ပြောချင်တယ်၊ ပြီးတော့ တစ်ဦးတည်း သဘောနဲ့ တောင်းတာလည်း မဟုတ်ဘူး၊ ကန့်သတ်မှုတွေ ပြီးသွားရင်တော့ နောက်လူငယ်တွေ သိအောင် ဒီသမိုင်းကြောင်းကို ပြောပြခဲ့ဖို့ အစီအစဉ် ရှိတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ကို သွားတွေ့ဖို့ကလည်း ဒီလိုစာတွေ လာပြီးမှဆိုတော့ စဉ်းစားနေတယ်၊” ဟု ဒေါ်စဝ်ဟေမာသိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဒေါ်စဝ်ဟေမာသိုက်သည် ကွယ်လွန်သူ ညောင်ရွှေစော်ဘွား ဖြစ်သူ သမ္မတ စဝ်ရွှေသိုက်၏ သမီး တစ်ဦး ဖြစ်ကာ မြန်မာနိုင်ငံတွင် နေထိုင်သည့် တစ်ဦးတည်းသော အမွေခံလည်း ဖြစ်ကြောင်း သိရသည်။
.
(Photo - Internet)
 ဒေါ်စဝ်ဟေမာသိုက် အနေဖြင့် ယခင်အစိုးရ လက်ထက်က ညောင်ရွှေဟော်နန်းအား ပြန်လည် ပေးအပ်ရန် တင်ပြခဲ့သော်လည်း မည်သည့် အကြောင်းပြန်ကြားချက်မျှ မရရှိခဲ့သဖြင့် ယခုအစိုးရ လက်ထက်တွင် အမွေဆက်ခံပိုင်ခွင့် ရှိသူတစ်ဦးအနေဖြင့် ဥပဒေအရ ဘိုးဘွားပိုင် ညောင်ရွှေဟော်နန်းကို ပြန်လည် လွှဲပြောင်းပေးရန် တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
၎င်း၏ တောင်းဆိုချက်တွင် ဟော်နန်းကို ပြန်လည် ရရှိပါက ရှမ်းပြည်နယ်၏ အဆင့်မြင့် ပြတိုက်အဖြစ် ဆက်လက် ထိန်းသိမ်း စောင့်ရှောက်သွားမည် ဖြစ်ပြီး အနာဂတ်အတွက် တန်ဖိုး မြင့်မားသော လူငယ်များ မွေးထုတ်ပေးရာ နေရာအဖြစ် သတ်မှတ်လုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။
.
ယင်း တောင်းဆိုချက်ကို ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညောင်ရွှေယဉ်ကျေးမှုပြတိုက် အဆောက်အအုံသည် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်း ရှိသဖြင့် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံအဖြစ် အကျုံး ဝင်ကြောင်း၊ ပြတိုက်အတွင်း သမိုင်းတန်ဖိုး ကြီးမားသော ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများကို ခင်းကျင်း ပြသထားကြောင်း၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ပိုင် အဖြစ် လွှဲပြောင်းပေးပါက အမွေဆိုင်များက ခွဲခြမ်းစိတ်ဖြာ ခွဲဝေခြင်း၊ တစ်ဦးမှ တစ်ဦးသို့ လက်ဆင့်ကမ်း ရောင်းချခြင်းများ ဖြစ်ပေါ်လာနိုင်မည် ဖြစ်သဖြင့် လည်းကောင်း၊ ဟော်နန်းအဆောက်အအုံများ မြေနေရာများကို နောင်ဆက်ခံမည့် မျိုးဆက်များသို့ ပြန်လည် လွှဲပြောင်းပေးသည့် အစဉ်အလာ မရှိသဖြင့် လည်းကောင်း၊ အများပြည်သူများအား ပြသရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့က ဆက်လက်စောင့်ရှောက် ထိန်းသိမ်းခြင်းသည်ကသာ အကောင်းဆုံး ဖြစ်ကြောင်း စာဖြင့် အကြောင်းပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စိစစ်တင်ပြချက်တွင်လည်း ဖေဖော်ဝါရီလ ၂၇ ရက်က ပြုလုပ်သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြန်လည် လွှဲပြောင်းပေးအပ်ရန် မလျော်ကန်၊ မသင့်မြတ်ပါကြောင်း ဆုံးဖြတ်ထားရှိသည်ဟု ဖော်ပြထားကြောင်း သိရသည်။
.
အဆိုပါ ညောင်ရွှေဟော်နန်းကို ၁၉၆၂ ခုနှစ်တွင် အစိုးရက သိမ်းယူခဲ့ပြီးနောက် ပြတိုက်အဖြစ် အသွင်ပြောင်းခဲ့ခြင်း ဖြစ်ပြီး ဟော်နန်းကို ဆောက်လုပ်ခဲ့စဉ်က ရွှေဒင်္ဂါးပြား ၅၀ အကုန်ကျခံ၍ ကိုယ်ပိုင်ငွေဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး မည်သည့် အစိုးရကမှ ဆောက်လုပ်ခဲ့ခြင်း မဟုတ်သည့်အတွက် ကိုယ့်အိမ်ကိုယ် ပြန်ရလိုသည့်အတွက် တောင်းခံနေခြင်း ဖြစ်ကြောင်း ဒေါ်စဝ်ဟေမာသိုက်က ပြောဆိုခဲ့သည်။

No comments:

Post a Comment

Journal Download

Photo of three cats

About