စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
လားရှိုးမြို့ ၊ ကောင်းကြဲ(ဟိုပိတ်) ကျေးရွာအုပ်စု၊ နားမွန်ကျေးရွာတွင် ကြက်ဆူပင် စိုက်ရန်
အကြောင်းပြပြီး သိမ်းဆည်းခဲ့ခြင်းကြောင့် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် မြေပေါ်သို့
တပ်မတော်က ထွန်စက်ဖြင့် ဝင်ရောက် ထွန်ယက်မှု ပြုလုပ်နေသဖြင့် တောင်သူများနှင့် အငြင်းပွားမှု
ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
.
နားမွန်ကျေးရွာမှ
တောင်သူ ၁၂ ဦး စိုက်ပျိုးနေသည့် မြေဧက ၅၃ ဧကအား အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ တပ်ဖွဲ့ဝင်များက
လုံခြုံရေး အပြည့်ဖြင့် ဝင်ရောက်ထွန်ယက်မှု ပြုလုပ်နေသဖြင့် အငြင်းပွားမှု ဖြစ်ပေါ်နေရခြင်း
ဖြစ်ကာ တောင်သူများက တိုင်းမှူးထံသို့ တင်ပြနိုင်ရေးအတွက်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်ခမ်းထံ တင်ပြ တောင်းဆိုထားကြောင်း
သိရသည်။
.
“ ဒီ တောင်သူတွေရဲ့
ယာမြေတွေအတွက် ကျွန်တော်တို့ သက်ဆိုင်ရာ အဆင့်ဆင့်ဆီကို တင်ပြ တောင်းခံထားပြီး ဖြစ်ပါတယ်၊
ဆိုင်ရာအ ဆင့်ဆင့်ကလည်း ပြန်လည် စွန့်လွှတ်သင့်တယ်၊ တပ်မြေနဲ့လည်း တစ်ဆက်တစ်စပ်တည်း မရှိဘူး။ လွန်ခဲ့တဲ့
၂ နှစ်လောက်က တပ်က ဘာမှ ဝင် မလုပ်တော့ တောင်သူတွေက ပြန်လည် စိုက်ပျိုးနေပါပြီ။ အခု
ဒီလို အငြင်းပွားမှု ပြန် ဖြစ်တော့ သက်ဆိုင်ရာ တိုင်းမှူးထံကို တောင်သူများ စာနဲ့ တင်ပြဖို့နဲ့
သွားရောက် တွေ့ဆုံညှိနှိုင်းနိုင်ဖို့ ဆောင်ရွက်သွားမှာပါ။” ဟု ဦးစိုင်းဝမ်းလှိုင်ခမ်းက
ပြောသည်။
.
အဆိုပါ အငြင်းပွားမြေအား
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ လုပ်ပိုင်ခွင့် ရရှိထားသော်လည်း သတ်မှတ် နည်းလမ်းနှင့်အညီ
ဆောင်ရွက်ခြင်း မရှိသဖြင့် ပြန်လည် စွန့်လွှတ်ပေးနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်
ညှိနှိုင်းဆောင်ရွက်သင့်ပါကြောင်းနှင့် မစွန့်လွှတ်နိုင်ပါက ကာလတန်ဖိုးအတိုင်း ပေးလျော်သင့်ကြောင်းကိုလည်း
၎င်းက ဆက်လက် ပြောဆိုသည်။
.
“ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊
ပြည်ထဲရေးဝန်ကြီး၊ ပြည်သူ့လွှတ်တော် တိုင်ကြားစာနဲ့ အသနားခံစာ ကော်မတီကို တင်ပြခဲ့တယ်။
အဖွဲ့တွေ လာစစ်သွားပေမဲ့ ဘာမှ ထူးမလာပါဘူး။ အသိမ်းခံရတာက ကြက်ဆူ စိုက်မယ်ဆိုပြီး ၂၀၀၂
က သိမ်းတာပါ။ ကျွန်တော်တို့ ဓားမဦးချ ဘိုးဘွားပိုင် လုပ်လာခဲ့တဲ့ မြေတွေပါ။ တောင်သူတွေက
တောင်ယာ လုပ်ချင်ပါတယ်၊ အခု စစ်တပ်က တောင်ယာ လာ လုပ်နေတော့ တောင်သူက ဘာလုပ်ရမှန်း မသိလို့
သနားကြပါလို့ပြောလိုပါတယ်။” ဟု အဆိုပါ အငြင်းပွား မြေများအနက် ၅ ဧက ပိုင်ဆိုင်သည့်
နားမွန်ကျေးရွာမှ ဦးစိုင်းဆန်ထွန်းလူက ပြောသည်။
.
လွှတ်တော်ကိုယ်စားလှယ်များ
ပါဝင်သည့် မြို့နယ်/ခရိုင်/ပြည်နယ် အဆင့်ဆင့်က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ
ပြန်လည်စိစစ်ရေးကော်မတီက ဆုံးဖြတ်ထားကြောင်း၊ ယခင် တပ်မတော်အစိုးရလက်ထက်က ကြက်ဆူပင် စိုက်ပျိုးရေး
စီမံကိန်းဖြင့် သိမ်းထားခဲ့သော မြေ ဖြစ်ပြီး တပ်မတော်မှ စိုက်ပျိုး လုပ်ကိုင်ခြင်း
မရှိကြောင်းနှင့် လွန်ခဲ့သည့် ၂ နှစ်ခန့်က အဆိုပါမြေအား တောင်သူများက ပြန်လည် စိုက်ပျိုးလုပ်ကိုင်ခဲ့ပြီး
အဆိုပါယာမြေများသည် တောင်သူများ ပိုင်ဆိုင်မှု အထောက်အထားပြနိုင်သော ပြေစာ၊ လက်ငုတ်လက်ရင်းလုပ်နေမှု
စသည့် အထောက်အထားများလည်း ရှိကြောင်း ဦးစိုင်းဝမ်းလှိုင်ခမ်းထံမှ သိရသည်။
.
အဆိုပါ အငြင်းပွား
မြေယာကိစ္စနှင့် ပတ်သက်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ ဆက်သွယ် မေးမြန်းသော်လည်း
အဆက်အသွယ် မရရှိခဲ့ချေ။