ရှမ်းပြည်နယ်၊
တောင်ကြီးမြို့ နေသူ အပါအဝင် COVID-19 ပိုးတွေ့
အတည်ပြုလူနာ အသစ် ၂ ဦး တွေ့ရှိကြောင်း နှင့် ပြန်လည် သက်သာလာသူ ၃ ဦး ရှိကြောင်း ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၏ ယနေ့ (မေလ ၁၉ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
“ သူက
တောင်ကြီးသူပေါ့၊ ဒါပေမဲ့ ယူအေအီးက ပြန်လာတယ်၊ ရန်ကုန်က လှိုင်မြို့နယ်မှာ ရှိတဲ့ Quarantin
မှာ နေပြီး ဓါတ်ခွဲနမူနာ စစ်တဲ့အချိန်မှာ ပိုး တွေ့တာ။ တောင်ကြီးကို
လုံးဝ ပြန် မရောက်ဘူး၊ လေဆိပ်ကနေ ရန်ကုန်က Quarantin ကို
တန်းပြီး ရောက်သွားတာပါ။ ဝေဘာဂီဆေးရုံမှာပဲ ဆေးကုမှာပါ။” ဟု ရှမ်းပြည်နယ်
ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာ နှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ
အတည်ပြုလူနာအမှတ် (၁၉၂)သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ နေထိုင်သည့် အသက် ၃၄
နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး ယူအေအီးနိုင်ငံသို့ ခရီးသွား ရာဇဝင် ရှိသူ ဖြစ်ကာ ပိုးတွေ့လူနာများနှင့်လည်း
ထိတွေ့မှု မရှိသူ ဖြစ်ကြောင်းနှင့် လူနာအမှတ်(၁၉၃)သည် ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်မှ
အသက် ၆၀ အရွယ် အမျိုးသမီး ဖြစ်ပြီး ယူအေအီး နိုင်ငံသို့ ခရီးသွား ရာဇဝင် ရှိသူ၊ ပိုးတွေ့လူနာများနှင့်လည်း
ထိတွေ့မှု မရှိသူ ဖြစ်ကာ ၎င်းတို့ ၂ ဦးလုံးသည် လှိုင်မြို့နယ်တွင် အသွားအလာ ကန့်သတ်ထားသူများ
ဖြစ်ပြီး ဝေဘာဂီဆေးရုံတွင် ဆေးကုသမှု ပေးမည်ဖြစ်ကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှု ဆိုင်ရာဌာနနှင့် ဆေးသုတေသနဦးစီးဌာနတို့မှ
စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၃၄၃ ခုအနက် ၂ ဦး၏ ဓါတ်ခွဲနမူနာတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ပြီး ယခင် အတည်ပြုလူနာအမှတ် (၃၄)၊ (၁၂၂)
နှင့် (၁၅၇) တို့၏ ဓါတ်ခွဲနမူနာများတွင် ၂ ကြိမ်ဆက် COVID-19 ပိုး မတွေ့ရတော့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင်
မတ်လ ၂၃ ရက်မှ ယနေ့ (မေလ ၁၉ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၉၃ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၁၀၄ ဦးမှာ
ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၅ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း
သိရသည်။