တောင်သူများအတွက် ချေးငွေအတိုးနှုန်း လျော့ချမည့်အပြင် Mobile Payment စနစ် ရှေ့ပြေး ထည့်သွင်း အသုံးပြုမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်သူများအတွက် ချေးငွေအတိုးနှုန်း လျော့ချမည့်အပြင် Mobile Payment စနစ် ရှေ့ပြေး ထည့်သွင်း အသုံးပြုမည်

ထမံသီ
.
ရှမ်းပြည်နယ် အပါအဝင် မြန်နာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေကို ယမန်နှစ် အတိုးနှုန်းထက် တစ်နှစ်လျှင် ၈ ရာခိုင်နှုန်းမှ ၅ ရာခိုင် နှုန်းသို့ လျော့ချသွားမည့်အပြင် Mobile Payment စနစ်ဖြင့် ချေးငွေဝန်ဆောင်မှု လုပ်ငန်းကို ရှေ့ပြေးအဖြစ် ထည့်သွင်း အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
.

“ COVID-19 ကြောင့် တောင်သူများ အဆင်​ပြေအောင် အတိုးနှုန်းကို ၈ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း အထိ ၃ ရာခိုင်နှုန်း လျော့ချခဲ့တာပါ။ Mobile Payment နဲ့ ပတ်သက်ပြီး အစတော့ အခက်အခဲ ရှိမှာပါပဲ၊ တစ်ချို့တောင်သူတွေက ဖုန်း မရှိဘူး။ တစ်ချို့က မသုံးတတ်ဘူး။ နောက်တစ်ချက်က အချို့ Payment နဲ့ Wave money ဆိုင်တွေမှာ ငွေကို ဒီလောက်မထားဘူး။ တောင်သူ ၁၀၀ မှာ ၂၀/၃၀ လောက် တော့ စမ်းသပ်ကြည့်မယ်။ ဒီနှစ် ညောင်ရွှေကို စသုံးကြည့်ဖို့ ရွေးချယ်ထားတယ်"ဟု ရှမ်းပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးကျော်သူရက က​မ္ဘောဇတိုင်းသို့ ပြောသည်။
.
မိုးစပါး ချေးငွေများကို တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်း၊ အခြား သီးနှံဆိုပါက ကျပ်တစ်သိန်းနှုန်းဖြင့် မေလ ၁၅ ရက်မှ စတင်၍ သက်ဆိုင်ရာ ခရိုင်/မြို့နယ်ရှိ စိုက်ဘဏ်များတွင် ထုတ်ချေးသွားမည် ဖြစ်ပြီး၊ ချေးငွေဟောင်း ပေးဆပ်သူ တောင်သူကိုသာ ချေးငွေသစ် ထုတ်ချေးမည်ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။
.
COVID-19 ကပ်ရောဂါ ဖြစ်ပွား​​နေ​သော ကာလ ဖြစ်သဖြင့် ချေးငွေ ပေးဆပ်မှုကို မေလ ၁၅ ရက်အစား မေလကုန်အထိ တိုးမြှင့်လက်ခံ၍ ဒဏ်တိုးများ ကောက်ခံခြင်းကိုလည်း ကင်းလွတ်ခွင့် ပေးမည် ဖြစ်ကြောင်း၊ ချေး​ငွေများ လွယ်ကူစွာ ထုတ်ချေးနိုင်ရေးအတွက်လည်း တိုင်း/ခရိုင်/မြို့ နယ် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းဆောင်ရွက်ထားပြီး တောင်သူများအနေဖြင့် Mobile Payment ဖြင့် ငွေချေးလိုပါက နယ်မြေဒေသအခြေအနေပေါ် မူတည်၍ Mobile Financial Service ကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်​ကြေညာထားသည်။
.
၂၀၂၀ ပြည့်နှစ်အတွင်း ရှမ်းပြည်နယ်ရှိ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ ကျိုင်းတုံခရိုင် အတွင်းမှ မြို့နယ် ၂၀ မှ စိုက်ဧကပေါင်း ၁၁၁၇၉၀ အတွက် ​ငွေကျပ် သန်း​ပေါင်း ၁၄၉၈၂ ဒသမ ၇၀ ကို လျာထားကြောင်း ရှမ်းပြည်နယ်မန်နေဂျာထံမှ သိရသည်။

Journal Download

Photo of three cats