မင်းဇော်မင်း
.
ရှမ်းပြည်နယ် ထွက် အာလူးများ ၀ယ်လိုအား
မရှိသည့်အပြင် တရုတ်နိုင်ငံမှ အာလူးများ ဝင်ရောက်နေမှုကြောင့် တောင်သူများ အခက်အခဲ
ဖြစ်ပေါ်နေကြောင်း သိရသည်။
.
“ ပြည်တွင်းဈေးကွက်မှာ စားသုံးမှု ဖူလုံနေတယ်၊
ရောဂါကြောင့် ပို့ဆောင်မှု အသွားအလာ နည်းပါးတာ၊ ဈေးတွေ မဖွင့်တာတွေကြောင့်
၀ယ်လိုအားက နည်းနေတယ်။ ဒီအချိန်မှာ တရုတ်က အာလူးနဲ့ ကြက်သွန်က အပ်ကုန် အနေနဲ့
ဘယ်ဈေး ရရ ရောင်းဆိုတဲ့ သဘောမျိုး ၀င်လာပြီး အောက်ဈေးနဲ့ ဈေးကွက်ကို ၀င်လာတာက
ပြည်တွင်း တောင်သူတွေကို ထိခိုက်စေပါတယ်။ ဒါကို အစိုးရအနေနဲ့ အခွန်ကောက်ခြင်းနဲ့ ထိန်းစေချင်ပါတယ်။
ထိုင်းနိုင်ငံမှာ သူတို့ လိုအပ်ရင် တစ်မျိုး ကောက်ပြီး မလိုရင် တစ်မျိုး ကောက်တဲ့ နည်းမျိုးပေါ့။
မသွင်းခိုင်းတာ မဟုတ်ဘူး။ အခွန်လည်း ရ၊ ကိုယ့် တောင်သူတွေကိုလည်း ကာကွယ်ပေးတဲ့ အနေနဲ့ပေါ့။
အခွန်စနစ်နဲ့ ထိထိရောက်ရောက် ထိန်းချုပ် ပေးစေလိုပါတယ်။” ဟု
အာလူးစိုက်တောင်သူများအသင်း ဥက္ကဌ ဦးအောင်သန်းချစ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့်
ပြည်တွင်း အဓိက စားသုံးသူ ဖြစ်သည့် ရန်ကုန် ဘုရင့်နောင် ဈေးကွက်သို့ တရုတ်အာလူးများ
ဈေးလျော့ရောင်းချခြင်းဖြင့် ၀င်ရောက်နေမှုကြောင့် ရှမ်းပြည်ထွက် အာလူးဈေးနှုန်းမှာ
ယခင်ကထက် လျော့နည်းလာရသည့် အပြင် ဝယ်လိုအားမှာလည်း ထက်ဝက်ကျော်ခန့်ထိ ကျဆင်းနေလျက်
ရှိကြောင်း သိရသည်။
.
“ အရင်ကဆို ၁၂ ဘီးကား အနည်းဆုံး ၂ စီး
အထက် ထွက်တယ်၊ ခုက တစ်စီးတောင် အနိုင်နိုင် ဖြစ်လာတယ်။ ၀ယ်လိုအားက မရှိတော့၊
အာလူးတွေလည်း အထားမခံတော့ အပုပ် အနာတွေ များလာပြီး ဆုံးရှုံးလာရတယ်။ ပိဿာချိန်
၃၀၀၀၀ ပုံထားတာ လှန်တော့ ပိဿာ ၄၀၀ လောက် ပျက်စီးရတယ်။ တရုတ်အာလူးတွေက
ဘုရင့်နောင်ကို ကားစီးလိုက် ၀င်နေတော့ ဒီက တောင်သူတွေ မရောင်းရလို့ အခက် ကြုံလာရတယ်၊
ပျက်စီး ဆုံးရှုံးမှု များလာရင်၊ မရောင်းရရင် စွန့်ပစ်ရမှုတွေ ရှိလာတော့မှာ
ဖြစ်တယ်။”ဟု အောင်ပန်းမြို့မှ ပွဲရုံပိုင်ရှင် ဦးလှမျိုးအောင်က ပြောသည်။
.
တရုတ်မျိုးရင်း အာလူးများမှာ အလုံးကြီး၍
အလေးချိန် ရှိသဖြင့် ၃ လုံးလျင် တစ်ပိဿာခန့် ရှိသည့်အပြင် ဈေးနှုန်းမှာလည်း ပြည်တွင်းထွက်
အာလူးဈေးထက် နည်းပါးခြင်းကြောင့် ပြည်တွင်းထွက် အာလူးထက် တရုတ် အာလူးကိုသာ
ဝယ်ယူမှု များပြားနေလျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
.
အာလူးစိုက်ကွက် တစ်ဧကလျှင် မျိုးရင်းအဖြစ်
တစ်ပိဿာ ၁၂၀၀ ကျပ်ခန့်ဖြင့် ၀ယ်ယူကာ အားလူး ပိဿာချိန် ၂၀၀၀ ၀န်းကျင်ခန့် စိုက်ပျိုးရပြီး
တစ်နှစ်လျင် ၃ ကြိမ် စိုက်ပျိုးရကြောင်းနှင့် ယခင်နှစ်က
တစ်ပိဿာလျှင် အနည်းဆုံး ၅၀၀ ကျပ်မှ
၇၅၀ ကျပ်ခန့်အထိ ရောင်းရသော်လည်း ယခုနှစ်တွင် တစ်ပိဿာလျှင် ၄၈၀ ကျပ်၀န်းကျင်သာ
ရောင်းချနေရသည့်အပြင် ဈေးကွက်အတွင်း ၀င်ရောက်လာနေသည့် တရုတ်အာလူးများကြောင့် ၀ယ်လိုအား
နည်းပါးလာနေခြင်း ဖြစ်ကြောင်း သိရသည်။
.