ပြည်တော်ပြန် လက်ခံသည့် နေရာတွင် လိုအပ်ပါက ကျန်းမာရေးဝန်ထမ်းများ ထားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်တော်ပြန် လက်ခံသည့် နေရာတွင် လိုအပ်ပါက ကျန်းမာရေးဝန်ထမ်းများ ထားမည်


ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသော ပြည်တော်ပြန်များအား လက်ခံရာနေရာများတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်ပါက ကျန်းမာရေးဝန်ထမ်းများ ထားရှိပေးမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဌာနထံမှ သိရသည်။
.
“ လိုရင်တော့ ထားပေးမယ်၊ မလိုဘဲနဲ့တော့ ..၊ ဘာလို့လဲဆိုတော့ သူတို့ကလည်း ၃ လ၊ ၄ လကျော်လာပြီ လုပ်နေတာက၊ တောက်လျှောက် လုပ်နေကြရတာ ဆိုတော့ ဝန်ထမ်းတွေကလည်း ခွဲဝေနေရတာ နည်းနည်း ခက်တာပေါ့။” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

တောင်ကြီးမြို့အဝင်၊ တောင်ကြီး စီးပွားရေးစင်တာရှိ ကားကြီးဝန်းနေရာ၌ ပြည်တော်ပြန်များအား လက်ခံရာတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆရာဝန်နှင့် သူနာပြုများ လိုအပ်နေခြင်းကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဖြည့်ဆည်းပေးစေလိုသည်ဟု စေတနာ့ဝန်ထမ်း ကိုဝင်းနိုင်စိုး၏ ပြောဆိုမှု အပေါ် ကမ္ဘောဇတိုင်းမှ ပြည်နယ်ဝန်ကြီးထံ ဆက်သွယ် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
.
ယခင်က ကျန်းမာရေး ဝန်ထမ်းများအား ဇန်နဝါရီလမှ စတင်၍ တိုးလ်ဂိတ်များ၊ Quarantine စင်တာများနှင့် နေရာအနှံ့တွင် တာဝန် ပေးအပ်ခဲ့သော်လည်း ရေရှည်ဖြစ်သည့် အတွက် တာဝန်ခွဲဝေမှု ခက်ခဲလာခြင်းကြောင့် ကျန်းမာရေး စောင့်ရှောက်မှု မပါသော နေရာများကို တာဝန်မပေးတော့ဘဲ ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် လိုအပ်သည့် နေရာတွင်သာ တာဝန်ပေးရန် ညွှန်ကြားထားကြောင်း ဝန်ကြီး ဒေါက်တာမျိုးထွန်းက ရှင်းပြသည်။
.

လက်ရှိတွင် နယ်စပ်ဒေသများမှ ပြန်လည် ရောက်ရှိလာသော ပြည်တော်ပြန်များအား အဆင့်ဆင့် လက်ခံ၍ တောင်ကြီးမြို့နှင့် လားရှိုးမြို့တို့မှ တဆင့် နေထိုင်ရာ နေရပ် ဒေသ အသီးသီးသို့ ပြန်လည် ပို့ဆောင်နေလျက် ရှိပြီး ပြည်တော်ပြန် မြန်မာနိုင်ငံသားများတွင် ယခင်က Quarantine ဝင်ရောက်သူများသာ ရှိသော်လည်း ယခုတွင် Quarantine မဝင်ရောက်ရသေးသူများလည်း ပါဝင်လာနေကြောင်း သိရသည်။

Journal Download

Photo of three cats