ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ည မထွက်ရ အမိန့်အား ဖောက်ဖျက်ခဲ့သည့်
အမျိုးသား ၆ ဦးကို ကျိုင်းတုံမြို့နယ်တရားရုံးမှ မေလ ၈ ရက်တွင် ထောင်ဒဏ် ၃ လစီ ကျခံစေရန်
အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
.
“ ညမထွက်ရ ဒေသန္တရ အမိန့်က နောက်ထပ် ပြင်ဆင် ပြောင်းလဲကြောင်း ကြေညာချက် မထုတ်မချင်း
အတည် ဖြစ်ပါတယ်။ COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်းမှာ
ရပ်ရွာ လုံခြုံ အေးချမ်းရေးအတွက် သတ်မှတ်ထားတဲ့ စည်းကမ်းကို လေးစား လိုက်နာကြစေချင်ပါတယ်။"ဟု
ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက ကေမ္ဘာဇတိုင်းသို့ ပြောသည်။
.
ထောင်ဒဏ် ၃လစီ အမိန့်ချမှတ်ခြင်း ခံရသူ အမျိုးသားများမှာ ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်မှ
၂ ဦးနှင့် အိမ်ယာမဲ့ ၁ ဦး၊ အမှတ်(၅)ရပ်ကွက်မှ ၁ ဦးနှင့် နောင်ကုန်ကျေးရွာအုပ်စုမှ ၂
ဦးတို့ ဖြစ်ကြောင်း သိရသည်။
.
ကျိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဧပြီလ ၂၀ ရက်တွင် မြို့နယ်အတွင်းရှိ
ရပ်ကွက်/ကျေးရွာများတွင် နေထိုင်ကြသည့် ပြည်သူများအား ည မထွက်ရ ဒေသန္တရအမိန့်ကို ထုတ်ပြန်ကြေညာခဲ့ခြင်း
ဖြစ်ကာ ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်၊ ညပိုင်းတွင်လည်း ည မထွက်ရ အမိန့်အား ဖောက်ဖျက်သည့်
အမျိုးသား ၅ ဦးကို ထောင်ဒဏ် ၃ လစီ အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။