စိုင်းသိင်္ခသူ
.
တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ
ပြုစုနေသည့် အင်းသားလူမျိုးများ၏ အမည် မှည့်ခေါ်ပုံကို ညောင်ရွှေရှိ အင်းသားစာပေ ယဉ်ကျေးမှုနှင့်
ဒေသဖွံ့ဖြိုးရေးအသင်းမှ အတည်ပြု၍ မေလ ၅ ရက်က ရှမ်းပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနသို့
ပေးပို့ တင်ပြခဲ့ကြောင်း သိရသည်။
.
မြန်မာနိုင်ငံအတွင်း
နေထိုင်ကြသည့် တိုင်းရင်သားများ၏ အမည် မှည့်ခေါ်ပုံကို တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနက
စာအုပ် ထုတ်ဝေရေးအတွက် စုဆောင်း ပြုစုလျက်ရှိသဖြင့် အင်းသားလူမျိုးများ၏ အမည် မှည့်ခေါ်ပုံကို
အတည်ပြုကာ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“ အင်းသားလူမျိုး
အနေနဲ့ ခင်မင်ရင်းနှီးသူတွေကို ခေါ်တာမှာ သုံးပါတယ်။ မြန်မာလိုဆိုလျှင် မောင်၊
ကို၊ ဦး ခေါ်သလို မ၊ ဒေါ် ဆိုပြီး အမည်ရှေ့က တပ်ခေါ်သလိုပေါ့။ အခု လူလတ်ပိုင်း
အင်းသားမှာ ခေါ်တဲ့ ကွင်ဆိုတာ မြန်မာလို ဆိုရင် မြေလတ်ပိုင်းမှာ ခေါ်ကြတဲ့ ကိုရင်
ဆိုတဲ့ အခေါ်မျိုးပါပဲ။ အင်းသားတွေရဲ့ အမည်ကို အရွယ် သုံးပါး ခွဲခြားပြီး
ခေါ်တာကို အတည်ပြု ပေးပို့ ခဲ့တာပါ။” ဟု အသင်း၏ဥက္ကဌ ဖြစ်သူ ဦးသက်ထွန်းက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အင်းသားလူမျိုးများ၏
အသက်အရွယ်အလိုက် အမည် မှည့်ခေါ်ပုံတွင် အသက် ၅၀ အထက် အမျိုးသားများ၏ အမည် ရှေ့တွင်
ဖိုး ၊ အမျိုးသမီးများ၏ အမည်ရှေ့တွင် ပေါင် ဟု မှည့်ခေါ်ကြောင်း၊ ဥပမာအားဖြင့်
ဖိုးမောင်၊ ပေါင်အု ဟု လည်းကောင်း၊ လူလတ်ပိုင်းတွင် အမျိုးသားများ၏ အမည်ရှေ့တွင်
ကွင် ၊ အမျိုးသမီးများ၏ အမည်ရှေ့တွင် မွဲ့ ဟု မှည့်ခေါ်ကြောင်း၊ ဥပမာအားဖြင့်
ကွင်ညို ၊ မွဲ့တင် ဟု လည်းကောင်း၊ လူငယ်များတွင် အမျိုးသားများ၏ အမည်ရှေ့၌ အယ်၊
အမျိုးသမီးများ၏ အမည်ရှေ့၌ မယ် ဟု မှည့်ခေါ်ကြောင်း၊ ဥပမာအားဖြင့် အယ်အောင်၊ မယ်ယု
ဟု လည်းကောင်း အမည်ရှေ့တွင် မှည့်ခေါ်ပုံများကို အတည်ပြုသည့် စာတွင် ဖော်ပြထားသည်။
.
အသက် ၅၀ အထက် အမျိုးသားများ၏ အမည် ရှေ့တွင် ဖိုး ၊ အမျိုးသမီးများ၏ အမည်ရှေ့တွင် ပေါင် ဟု မှည့်ခေါ်ကြောင်း၊ လူလတ်ပိုင်းတွင် အမျိုးသားများ၏ အမည်ရှေ့တွင် ကွင် ၊ အမျိုးသမီးများ၏ အမည်ရှေ့တွင် မွဲ့ ဟု မှည့်ခေါ်ကြောင်း၊ လူငယ်များတွင် အမျိုးသားများ၏ အမည်ရှေ့၌ အယ်၊ အမျိုးသမီးများ၏ အမည်ရှေ့၌ မယ် ဟု မှည့်ခေါ်ကြောင်း၊
“ လူလတ်ပိုင်း
အခေါ်ကတော့ သိပ်မတွင်တော့ပါဘူး။ မြန်မာလို ဦး/ဒေါ် စတာတွေက အစားထိုး ခေါ်နေကြတာ
များပါတယ်။ ဒါပေမဲ့ အင်းသားတွေရော အခြား လူမျိုးတွေရော ဒီလို အမည်ရှေ့မှာ
ခေါ်တယ်ဆိုတာ သိစေချင်ပါတယ်။” ဟု အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းမှ
ဦးတင်စိုးက ရှင်းပြသည်။
.
တောင်ကြီးမြို့ရှိ
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ
ဦးစိုင်းဖုန်းကျော်က “ တိုင်းရင်းသား အားလုံးရဲ့ အမည် မှည့်ခေါ်ပုံတွေကို
ပြုစုပြီး စာအုပ်ထုတ် ဖြန့်ဝေဖို့ ရှိပါတယ်။ တိုင်းရင်းသား အားလုံးပါ။” ဟု ပြောသည်။
.
မြန်မာနိုင်ငံတွင်
တိုင်းရင်းသား ၁၃၅ ဝန်းကျင်ခန့် ရှိနေပြီး ၎င်းတို့၏ အမည် မှည့်ခေါ်ပုံများကို
သိနိုင်ရန်အတွက် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနက သက်ဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှုအသင်းများ၏
အတည်ပြုချက်များကို ရယူ ပြုစုနေခြင်း ဖြစ်သည်။
.