နမ့်ခမ်းဒေသထွက် ပြောင်းဖူးများ တရုတ်က မဝယ်သဖြင့် ရွှေလီမြစ် အတွင်းသို့ စွန့်ပစ်နေရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်ခမ်းဒေသထွက် ပြောင်းဖူးများ တရုတ်က မဝယ်သဖြင့် ရွှေလီမြစ် အတွင်းသို့ စွန့်ပစ်နေရ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ ဒေသထွက် ရာသီပေါ် ပြောင်းဖူးများကို တရုတ်နိုင်ငံက ဝယ်ယူခြင်း မရှိသဖြင့် ရွှေလီမြစ်အတွင်းသို့ သွန်ချနေကြောင်း သိရသည်။
.
“ ခရိုင်နဲ့ ပြည်ပရေးရာကို တင်ပြထားတာ၊ တရုတ်ဘက်က ဘာမှ အကြောင်း မပြန်သေးပါဘူး၊ ဒီကိစ္စကို ဆက်တိုက် တင်ပြနေပါတယ်။” ဟု နမ့်ခမ်းမြို့နယ်မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တရုတ် နယ်စပ်ရှိ စျေးကွက်သို့ နှစ်စဉ် ရောင်းချနေလျက်ရှိသော ထိုင်ဝမ်ပြောင်း အချိုမျိုးများမှာ တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ခွင့် မရသည့် အပြင် COVID-19 ရောဂါအခြေအနေကြောင့် မူဆယ်နှင့် မန်ဝိန်းကြီးဘက်သို့ သွားရောက်ရန်လည်း အဆင်မပြေသဖြင့် ယခုကဲ့သို့ ရွှေလီမြစ်အတွင်း စွန့်ပစ်နေရခြင်းဖြစ်သည်ဟု တောင်သူများထံမှ သိရသည်။
.

“ ဧက သောင်းချီ စိုက်ထားတာ၊ အချိန်မီ မရောင်းရတော့ ရွှေလီမြစ်ထဲ လွှင့်ပစ်နေကြရတာ။ ပြီးတော့ နယ်စပ်ရွာတွေက အရင် ရောင်းပြီးမှ ကျွန်မတို့ ပြောင်းတွေကို ဝယ်မယ်ပြောပြီး တစ်ဖက်လှည့်နဲ့စျေးနှိမ် ဝယ်နေတာ။ အဲဒီ ရွာတွေနဲ့ စကား များနေရတယ်။” ဟု နမ့်ခမ်းမြို့နယ်မှ ပြောင်းစိုက်တောင်သူ ဒေါ်နန်းခင်သိန်းမြင့်က ပြောသည်။
.
မြန်မာ-တရုတ် နယ်စပ်ရှိ ကျေးရွာ ၁၉ ရွာမှ ထွက်သည့် ပြောင်းဖူးများ ရောင်းချ၍ ကုန်မှသာ နမ့်ခမ်းမှ ပြောင်းများကို ဝယ်ယူမည် ဆိုသော်လည်း အဆိုပါကျေးရွာများမှ နမ့်ခမ်းရှိ ပြောင်းများကို စျေးနှိမ်၍ ဝယ်ယူပြီး တရုတ်သို့ ပြန်လည် ရောင်းချနေသဖြင့် အငြင်းပွားမှုများ ဖြစ်နေလျက် ရှိသည်ဟုလည်း ဒေါ်နန်းခင်သိန်းမြင့်ထံမှ သိရသည်။
.
နမ့်ခမ်းမြို့နယ် တောင်သူလယ်သမားအဖွဲ့ ဥက္ကဌ ဦးစိုင်းရီထွန်းက “နောက် ၃ ရက်လောက်မှ မရောင်းရရင် ဧက သောင်းချီ ပျက်စီးဆုံးရပြီး တောင်သူပေါင်း သောင်းကျော် ဒုက္ခ ရောက်ကြပြီ။ အခုလည်း ပြောင်းတင် ထော်လာဂျီ ၁၀၀ ကျော်ကို ဖမ်းဆီးပြီး ပြောင်းတွေကို သိမ်းလိုက်တယ်။ ထော်လာဂျီ တစ်စီးကို ယွမ် ၅၀၀၀ နဲ့ရွေးခိုင်းတာ။ တစ်စီးတည်း ရွေးလို့ မရဘူး၊ အားလုံးပြန်ပေးမှ ရမယ်လို့ ပြောတယ်။ သူတို့ စိုက်ခိုင်းလို့ စိုက်ကြရတာ။ အခုလို ဖြစ်နေတာ တောင်သူတွေကို သနားပြီး နှစ်နိုင်ငံ လူကြီးတွေ ညှိနှိုင်းပြီး အမြန် ခွင့်ပြုပေးစေချင်ပါတယ်။” ဟု ပြောသည်။
.
COVID-19 ရောဂါကြောင့် တရုတ်နိုင်ငံမှ ဝင်ခွင့် မပြုသဖြင့် ထော်လာဂျီ တစ်စီးကို အငှား ယာဉ်မောင်းခ ယွမ် ၃၀၀၊ နယ်စပ်ဝင်ကြေးယွမ် ၄၀၀ ၊ သစ်သီးအခွန်ကြေး ယွမ်၄၀၀ ပေးဆောင်ရသော်လည်း ယခုတွင် ဖမ်းဆီးခံနေခြင်း၊ မိုးရွာခြင်း၊ အချိန်ကြန့်ကြာနေခြင်းများကြောင့် အထား မခံသည့် ထိုင်ဝမ်ပြောင်းဖူး အချိုမျိုးများ ဖြစ်သည့်အတွက် ရွှေလီမြစ်အတွင်းသို့ စွန့်ပစ်နေရခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပြောင်းဖူးများအား ရွှေလီမြစ် အတွင်းသို့ စွန့်ပစ်မှုကြောင့် မြစ်ကြောင်း ပိတ်ဆို့ ညစ်ညမ်းမှု ဖြစ်ပေါ်စေနိုင်သဖြင့် အခြားနည်းလမ်းဖြင့် စွန့်ပစ်ရန် ဒေသခံအချို့က လိုလားနေကြောင်းလည်း သိရသည်။
.

Journal Download

Photo of three cats