မင်းဇော်မင်း
.
ရှမ်းပြည်နယ်၌ ထွက်ရှိသည့်
ပုပ်သိုး ပျက်စီးလွယ်သော ကုန်စိမ်း သီးနှံများအား နေ့စဉ်တင်ပို့ ဖြန့်ဖြူးရာတွင် COVID-19
နှင့် ပတ်သက်သည့် အမိန့်များကြောင့် ကြန့်ကြာမှုများ ရှိနေသဖြင့် အချိန်မီ တင်ပို့နိုင်ရေးအတွက်
ယာဉ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် ညမထွက်ရ အမိန့်ပါ ကန့်သတ်ချိန်များတွင် ဖြတ်သန်းခွင့်
ပြုကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီမှ မေလ
၁၅ ရက်က သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အစိုးရများသို့ ထုတ်ပြန် ညွှန်ကြားခဲ့ကြောင်း
သိရသည်။
.
အဆိုပါ ညွှန်ကြားချက်တွင်
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပေးထားသော ယာဉ်ဖြတ်သန်းခွင့် လက်မှတ်ပါ ကုန်စိမ်းတင်ယာဉ်များကို
လမ်းခရီး တစ်လျှောက် ဖြတ်သန်း မောင်းနှင်ရသည့် ခရီးစဉ်အတွက် ကန့်သတ်ချိန်များတွင် ဖြတ်သန်းခွင့်ပြုရန်၊
ကန့်သတ်ချိန်များတွင် ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များအတွက် စျေးနှင့် အနီးဆုံးနေရာတွင်
ခေတ္တ ရပ်နားရန်နေရာ စီစဉ်ပေးရန်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင်းရှိ လက်ကားစျေးများနှင့်
လက်လီစျေးများ ချိတ်ဆက်သည့် လမ်းကြောင်းများကို ကုန်စိမ်းများ ပို့ဆောင်ခြင်းအတွက်
လိုအပ်သည့် ဖြေလျော့မှု အစီအမံများ ချမှတ် ခွင့်ပြုပေးရန်ဟူ၍ ဖော်ပြ ပါရှိသည်။
.
ထို့အပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့
အနေဖြင့် ရန်ကုန်သို့ တင်ပို့ရမည့် ကုန်စိမ်းများ တင်ဆောင်မည့် ယာဉ်များကို သီးသန့်
ယာဉ်ဖြတ်သန်းခွင့် လက်မှတ်များ စိစစ်ထုတ်ပေးရန်၊ ခွင့်ပြုထားသည့် ယာဉ် ဖြတ်သန်းခွင့်
လက်မှတ်များ ထုတ်ပေးမှုကို သက်ဆို်င်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ ကြိုတင်
စာရင်းပေးပို့ရန်၊ ကုန်တင်ယာဉ်များပေါ်တွင် ခရီးသည်များ လိုက်ပါခြင်း မပြုစေရန်ဟူ၍လည်း
ဖော်ပြထားသည်။
.
“ အောင်ပန်းကတော့
ကုန်စိမ်းကား တစ်ရက်ကို အနည်းဆုံး အစီးရေ ၅၀ လောက် ထွက်တယ်၊ အခု ကား အစီးရေ ၁၆၀ လောက်
ရှမ်းပြည်နယ်အစိုးရကို စာရင်း တင်လိုက်ပြီ။ အခုထိတော့ လက်မှတ်တွေ မရသေးဘူး၊ ငွေကောက်ခံမှု
ရှိ/မရှိလည်း မသိရေသေးဘူး။ အောင်ပန်းလိုပဲ အခြား ညောင်ရွှေ၊ ပင်းတယ စတဲ့ မြို့တွေက
ကုန်စိမ်းကားတွေလည်း သူ့ကော်မတီအလိုက် တင်ပြပြီး လက်မှတ် ရယူ သွားလာဖို့ ရှိတယ်။ အရင်က
ဒီလို မရှိတော့ ကားတွေ ရပ်ထားရလို့ ကုန်စိမ်းတွေ ပျက်စီးရသလို ရန်ကုန်က စားသုံးသူတွေအတွက်လည်း
လတ်လတ်ဆတ်ဆတ် မစားရဘူးပေါ့။ ပြီးတော့ အဝင်နည်းတော့ မလောက်ငှပဲ စျေးကြီးရတာပေါ့။ ခုလို
ဆိုတော့ အဝင်လည်းများ ၊ စျေးလည်း သက်သာ၊ ဆုံးရှုံး နစ်နာမှုတွေလည်း နည်းပါးသွားရတာပေါ။”
ဟု တောင်ကြီးခရိုင် စားနပ်ရိက္ခာဖူလုံရေး (COVID-19) ကော်မတီ အဖွဲ့ဝင်၊ အောင်ပန်းမြို့
ပြည်သာယာစျေးကော်မတီ ဥက္ကဌ ဦးမိုးကျော်က ပြောသည်။
.
ကုန်စိမ်းတင် ယာဉ်များအား
စိစစ်၍ ကားဂိတ်၊ ပွဲရုံများအား တာဝန်ခံ လက်မှတ်ရေးထိုးစေမည် ဖြစ်ပြီး ကုန်စိမ်း မဟုတ်ဘဲ
အခြားကုန် တင်ဆောင်ခြင်း၊ ခရီးသည် တင်ဆောင်ခြင်းများ လုပ်ဆောင်ပါက အရေးယူမှုများ ပြုလုပ်သွားမည်
ဖြစ်ကြောင်း ၄င်းက ပြောသည်။
.
ရှမ်းပြည်နယ် ဒေသထွက်
ကုန်စိမ်းများကို ရန်ကုန်စျေးကွက်အပြင် လမ်းခရီး တစ်လျှောက်ရှိ နေပြည်တော်၊ တောင်ငူ၊
ပဲခူးမြို့စျေးကွက်များအပြင် မန္တလေးစျေးကွက်သို့လည်း နေ့စဉ် ယာဉ် အစီးရေ ၁၀၀ ခန့်
တင်ပို့နေလျက် ရှိကြောင်း သိရသည်။
.