တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၇)၊ မေတ္တာသုခပရဟိတကျောင်း အဆင်းလမ်းရှိ ကျူးကျော်တဲ အတွင်း၌ မေလ ၁၅ ရက်၊ နံနက်ပိုင်းတွင် လူငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရသည်။
.
“ သေဆုံးတဲ့သူက
အစိုးရ စီမံခန့်ခွဲပိုင်ခွင့် ရှိတဲ့ မြေပေါ်မှာ သွပ်မိုး၊ သွပ်ကာပြီး ၁၀ ပေပတ်လည်လောက်
ရှိတဲ့ အခန်း ဖွဲ့ပြီး နေတာပါ။” ဟု တောင်ကြီးမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
သေဆုံးသူမှာ
ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာမှ အသက် ၂၅ နှစ်အရွယ် ကိုမျိုးဇော်ထွန်း ဆိုသူ ဖြစ်ပြီး
ကျောက်မိုင်းခွဲ လုပ်ငန်း လုပ်ကိုင်ရန် အတွက် တောင်ကြီးမြို့သို့ လာရောက်နေထိုင်သူ
ဖြစ်ကာ တဲခေါင်မိုးရှိ ဝါးလုံးအား ကြိုးဖြင့် ချည်၍ ကြိုးဆွဲချ သေဆုံးခြင်း ဖြစ်ကြောင်း
တောင်ကြီးမြို့မရဲစခန်းမှ သိရသည်။
.
ယင်းကဲ့သို့
ကြိုးဆွဲချ သေဆုံးနေမှုအား ကလေးငယ် တစ်ဦးမှ စတင် တွေ့ရှိပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ
တဆင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ
သေဆုံးသူ၏ ရုပ်အလောင်းအား စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း
ဟုတ်/မဟုတ် စစ်ဆေးနေလျက် ရှိကြောင်း သိရသည်။