နန်းဝင်းရီ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
နောင်ချိုမြို့နယ် မူဆယ်-မန္တလေးသွား ပြည်ထောင်စု လမ်းမပေါ်တွင် မေလ ၁၃ ရက်က ငွေကျပ်သိန်း
၁၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ကျောက်မဲမြို့ဘက်မှ
နောင်ချိုမြို့ဘက်သို့ ပုသိမ်ကြီးမြို့နယ်၊ ကျွဲနဖားကျေးရွာနေ ဇင်ဟန်ကျော်(ခ) ကျော်ထူး
စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ
စစ်ဆေး ရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသည့် ဆာလာအိတ်အတွင်းရှိ ကျောပိုးအိတ်အတွင်းမှ
ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၂၂၀ ဂရမ် (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်
၆၆ သိန်း)နှင့် ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၇၂၀၀၀
ပြား (ဒေသကာလ ပေါက်စျေး တန်ဖိုးငွေကျပ် ၁၄၄၀ သိန်း)တို့အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ
မူးယစ်ဆေးဝါးများအား သယ်ဆောင်ခိုင်းသူများမှာ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာနေ
ကျော်စိုးမိုးနှင့် မဘိမ်းမြို့နယ်၊ ငအိုးကျေးရွာနေ ဒေါ်စိုးမိုးခိုင်(ခ)မခိုင်တို့
ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် ရဲတပ်ဖွဲ့က ၎င်းတိုးအား လိုက်လံရှာဖွေရာ ပြင်ဦးလွင်မြို့နယ်တွင်
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့
မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူနှင့် သယ်ဆောင်ရန် စေခိုင်းသူများအား နောင်ချိုမြို့မရဲစခန်းတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း
သိရသည်။
.