ရှမ်းပြည်နယ်တောင်ပိုင်းမှ COVID-19 နှင့် ပတ်သက်၍ အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့ စစ်ဆေးထားသည့် ဓါတ်ခွဲ နမူနာများတွင် ပိုး မတွေ့ရကြောင်းနှင့် ပိုးတွေ့အတည်ပြုလူနာ အမှတ်(၁၂၁)၏ ဓါတ်ခွဲအဖြေမှာ မရရှိသေးကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
.
“ ကျန်တဲ့သူ ၈၇ ယောက်ရဲ့ ဓါတ်ခွဲ အဖြေကတော့ ပိုး မတွေ့ဘူးလို့ ထွက်တယ်။ Case 121 ရဲ့ အဖြေကတော့ မရသေးဘူး။”
ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ နှင်းအိဖြူက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
တောင်ကြီး စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် COVID-19 ပိုးတွေ့
အတည်ပြု လူနာအမှတ်(၁၂၁)နှင့် အခြား ၈၇ ဦး၏ ဓါတ်ခွဲ အဖြေများကို အမျိုးသားကျန်းမာရေး
ဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ မေလ ၇ ရက်က ပေးပို့ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
.
ထို့အတူ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့်
လူနာအမှတ်(၁၁၂)၏ ဓါတ်ခွဲ အဖြေတွင် ပထမအကြိမ် COVID-19 ပိုး မတွေ့ရကြောင်းနှင့် လူနာအမှတ်(၉၆)၏
ပထမအကြိမ် ဓါတ်ခွဲအဖြေတွင် ပိုး မတွေ့ရသော်လည်း ဒုတိယအကြိမ် ဓါတ်ခွဲအဖြေတွင် ပိုး
ပြန်လည် တွေ့ရှိနေကြောင်း သိရသည်။
.
ရှမ်းပြည်နယ်ရှိ COVID-19 ပိုးတွေ့
အတည်ပြုလူနာ ၇ ဦးအနက် လားရှိုးဆေးရုံ၌ ဆေးကုသမှု ခံယူခဲ့သည့် ကျောက်မဲမြို့မှ လူနာအမှတ်(၁၄)၊
စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူခဲ့သည့် တောင်ကြီးမြို့မှ လူနာအမှတ်(၂၉)၊ မူဆယ်ဆေးရုံ၌
ဆေးကုသမှု ခံယူခဲ့သည့် မူဆယ်မြို့မှ လူနာအမှတ်(၁၄၃)တို့၏ ဓါတ်ခွဲနမူနာများတွင် ၂
ကြိမ်ဆက် ပိုး မတွေ့ရတော့သဖြင့် ဆေးရုံမှ ဆင်းခွင့် ရရှိပြီ ဖြစ်ကာ ကျိုင်းတုံဆေးရုံ၌
ဆေးကုသမှု ခံယူခဲ့သည့် တာချီလိတ်မြို့မှ လူနာအမှတ်(၄၃)၏ ဓါတ်ခွဲနမူနာတွင် ၂
ကြိမ်ဆက် ပိုး မတွေ့ရတော့သဖြင့် Hospital Quarantine ဝင်နေပြီး
၁၄ ရက် ပြည့်မြောက်ပါက ဆေးရုံမှ ဆင်းခွင့် ရတော့မည် ဖြစ်သည်။