ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊
ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာအုပ်စု၊ မက်သင်္ဘောကျေးရွာ၌ နိုင်ငံတော်သမ္မတ၏ မြန်မာနှစ်ဆန်းတစ်ရက်
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ လွတ်မြောက် လာသူတစ်ဦး က ဧပြီလ ၂၈ ရက် နံနက်ပိုင်းတွင်
ခယ်မဖြစ်သူအား ဓါးဖြင့် ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
မက်သင်္ဘောကျေးရွာနေ နိုင်ထွေးနှင့် ဇနီး
မတင်လေးတို့သည် ဧပြီလ ၂၈ ရက်၊ နံနက်ပိုင်းက ၎င်းတို့ပိုင် တောင်ယာ အတွင်း တောင်ယာလုပ်ငန်း
လုပ်ကိုင်နေစဉ် နိုင်ထွေး၏ ညီဖြစ်သူ အကျဉ်းထောင်မှ လွတ်မြောက်လာသူ စိုးမြင့်က မတင်လေးအား
အရိုးအသွား ၁၈ လက်မခန့်ရှိ တောင်ယာခုတ်ဓါးတစ်ချောင်း၊ အရှည် ၂၄ လက်မခန့်ရှိ နန်းပြား
တစ် ချောင်းတို့ဖြင့် ခုတ်ခဲ့ရာ မတင်လေးတွင် ဂုတ် ဝဲဘက်၊ ခါးနှင့် တင်ပဆုံတို့၌ ပြတ်ရှဒဏ်ရာများ
ရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မတင်လေး သေဆုံးမှုနှင့် ပတ်သက်၍ ဓါးဖြင့်ခုတ်သူ
စိုးမြင့်ကို ကျောက်ဂူနယ်မြေရဲစခန်းမှူး ရဲအုပ်သန့်ဇင်ထူးနှင့် အဖွဲ့မှ ဖမ်းဆီးပြီး
(ပ)၄/၂၀၂၀၊ အမှုကြီးအမှတ် (၁)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် ကျောက်ဂူနယ်မြေရဲစခန်း
တွင် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
၎င်း စိုးမြင့်ဆိုသူသည် ၂၀၁၉ ခုနှစ်က ကျောက်ဂူနယ်မြေရဲစခန်း၏
ရာဇသတ်ကြီးပုဒ်မ ၄၅၂ ဖြင့် ရပ်စောက်မြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ထောင်ဒဏ်
၁ နှစ် ကျခံနေသူဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၄ ရက်က နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်
ထီးခမ်းအကျဉ်းဦးစီးမှ လွတ်မြောက်လာသူတစ်ဦးဖြစ်ကာ ယင်းနေ့တွင် ထီးခမ်း အကျဉ်းဦးစီးဌာနမှ
အကျဉ်းသား ၂၁၈ ဦးနှင့် ဘန်းကန်အကျဉ်းဦးစီးမှ
အကျဉ်းသား ၂၁၉ ဦး၊ စုစုပေါင်း ၄၃၇ ဦးတို့ လွတ်ငြိမ်းချမ်းသာခွင့်
ရရှိကြကြောင်း သိရသည်။
.