ရပ်စောက်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညောင်သုံးပင်ဥယျာဉ်ခြံတွင် ဦးစီးအရာရှိမှ ဒုဦးစီးအား သံပေါက်ပြားရိုးဖြင့် ရိုက်နှက်မှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရပ်စောက်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညောင်သုံးပင်ဥယျာဉ်ခြံတွင် ဦးစီးအရာရှိမှ ဒုဦးစီးအား သံပေါက်ပြားရိုးဖြင့် ရိုက်နှက်မှု ဖြစ်ပွား

ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနလက်အောက်ရှိ ညောင်သုံးပင်ကျေးရွာ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာန ဝန်ထမ်းအိမ်ရာဝင်းအတွင်း ဧပြီလ ၁၂ ရက်က ဦးစီးအရာရှိမှ ဒုတိယ ဦးစီးမှူးအား သံပေါက်ပြားရိုးဖြင့် ရိုက်နှက်သဖြင့် ဒုဦးစီးတွင် လက်ဖျံရိုး ကျိုးသွားခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ ဥယျာဉ်ခြံ ဝန်ထမ်းအိမ်ရာဝင်းအတွင်း နေထိုင်သည့် ဦးစီးအရာရှိ ဦးဌေးမြင့်နှင့် ဒုတိယဦးစီးမှူး ဦးကျော်မင်းထွန်းတို့သည် ပုဂ္ဂိုလ်ရေးကိစ္စဖြင့် အချင်းများရာမှ ဦးဌေးမြင့်က ဦးကျော်မင်းထွန်းအား အချင်း ၁ လက်မခွဲ၊ အရှည် ၃ ပေခန့်ရှိ သံပေါက်ပြားရိုးဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“အခင်းဖြစ်ပြီးနောက် ခရိုင်ဦးစီးမှူး ဦးဇော်ဝင်းထွန်းနဲ့ ပြည်နယ်ရုံးကို တင်ပြထားပြီးဖြစ်ပါတယ်။ ဧပြီလ ၁၃ ရက်မှာ လည်း ရပ်စောက်မြို့မရဲစခန်းမှာ ထပ်ပြီးအမှုဖွင့်ထားပါတယ်” ဟု ဒုတိယဦးစီးမှူး ဦးကျော်မင်းထွန်းက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရပ်စောက်မြို့မရဲစခန်းမှ အမှုစစ်အရာရှိက “ကျွန်တော်တို့ သွားရောက်စစ်ဆေးပြီးပါပြီ။ သက်သေခံအဖြစ် ရိုက်ခဲ့တဲ့ သံပေါက်ပြားရိုးကိုလည်း သိမ်းဆည်းခဲ့ပါပြီ။ အရိုက်ခံရတဲ့ ဒုတိယဦးစီးမှူးက လက်ဖျံရိုး ကျိုးသွားတဲ့အတွက် စခန်းမှာ အမှုဖွင့်တာဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။
.
ထို့အတူ ရပ်စောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမောင်မောင်ဦးကလည်း “သူတို့အခင်းဖြစ်ပွားတာက ဧပြီလ ၁၂ ရက်၊ တနင်္ဂနွေနေ့ပါ။ ဖြစ်တဲ့ပြဿနာကလည်း ပုဂ္ဂိုလ်ရေးကိစ္စပါ။ ဌာနလုပ်ငန်းနဲ့ ဘာပတ်သက်မှုမှ မရှိပါဘူး” ဟု ပြောသည်။
.
ယင်းကဲ့သို့ ရိုက်နှက်မှုနှင့် ဦးစီးအရာရှိ ဦးဌေးမြင့်အား ကမ္ဘောဇတိုင်း မှ ဆက်သွယ်မေးမြန်းရာ ပုဂ္ဂိုလ်ရေးကိစ္စသာ ဖြစ်ကြောင်းနှင့် ဦးကျော်မင်းထွန်း၏ လုပ်ဆောင်မှုများသည် ၎င်း၏ ဂုဏ်သိက္ခာထိခိုက်စေမှုအတွက် ရပ်စောက်မြို့မ ရဲစခန်းတွင် ပြန်လည်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
.
အခင်းဖြစ်ပွားရာ ညောင်သုံးပင်ကျေးရွာရှိ ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနသည် ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုတွင်တည်ရှိပြီး၊ စုစုပေါင်း ၅၄ ဧကကျယ်ဝန်းကာ ဝန်ထမ်းအိမ်ရာ ၃ ခန်း၊ ဦးစီးအရာရှိမိသားစု ၄ ဦး၊ ဒုတိယဦးစီးမှူး တစ်ဦး၊ လက်ထောက်ဦးစီးမှူး တစ်ဦး၊ ဒုတိယလက်ထောက်ဦးစီးမှူး တစ်ဦးနှင့် အခြားဝန်ထမ်းတစ်ဦး စုစုပေါင်း ၈ ဦးနေထိုင်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats