တရုတ်သို့ တင်ပို့သည့် ဖရဲသီးတင်ကားများ လမ်းခရီးခက်ခဲသဖြင့် ဆင်စခန်းများသို့ ဖရဲသီးလှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တရုတ်သို့ တင်ပို့သည့် ဖရဲသီးတင်ကားများ လမ်းခရီးခက်ခဲသဖြင့် ဆင်စခန်းများသို့ ဖရဲသီးလှူဒါန်း


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့မည့် ဖရဲသီးတင်ကားများ လမ်းခရီး ကြန့်ကြာမှု အခက်အခဲကြောင့် ဝါးနက်ချောင် ဆင်စခန်းနှင့် ဒီးဒုတ်ဆင်စခန်းများသို့ ဖရဲသီးများ သွာရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။
.
.
“မူဆယ်မှာ ဖရဲသီးတွေ ပျက်စီးလို့ လွှင့်ပစ်နေတဲ့ပုံတွေ Facebook မှာ တွေ့ရလို့ လွှင့်ပစ်မယ့်အစား လာလှူပေးဖို့ အကူအညီတောင်းတာမှာ ကား ၂ စီးက လာလှူသွားတာပါ။ ဆင်တွေအတွက် အကောင်းဆုံးအစာဖြစ်လို့ ကျေးဇူး တင်ရပါတယ်။ နောက်လည်း လာလှူကြမယ်လို့ သိရပါတယ်” ဟု ဝါးနက်ချောင် ဆင်စခန်းတာဝန်ခံ ဦးတင်ကျော်မိုး က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်က ဖရဲသီးများကို လွှင့်ပစ်နေသည့် ဗီဒီယိုဖိုင်များကို လူမှုကွန်ရက်တွင် တွေ့ရှိပြီးနောက် ဆင်စခန်းများသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အကူအညီ တောင်းခံချက်အရ ဧပြီလ ၂၄ ရက်တွင် ဖရဲသီးတင်ကား ၂ စီးမှ ဖရဲသီးအလုံး ၃၀၀၀ ခန့်ကို လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
အဆိုပါ ဆင်စခန်းများမှာ မန္တလေး-ပြင်ဦးလွင်အတက် ကျောက်ချောတိုးဂိတ်မှ တောင်ဘက် ၅ မိုင်၊ ၅ ဖာလုံအခန့်တွင် တည်ရှိသည့် ဝါးနက်ချောင် ဆင်စခန်းနှင့် ၉ မိုင်ကျော်အကွာရှိ ဒီးဒုတ်ဆင်စခန်းများဖြစ်ပြီး မန္တလေးဖောင်ဖွဲ့ရေး ဒေသမှ သစ်ထုတ်လုပ်ရေးပိုင် ဆင်စခန်းများဖြစ်ကြောင်း သိရသည်။
.
ဝါးနက်ချောင်ဆင်စခန်းတွင် ဆင်အထီး ၃ ကောင် နှင့် ဆင်အမ ၃ ကောင်ရှိပြီး ဒီးဒုတ်ဆင်စခန်းတွင် ဆင်အထီး ၂ ကောင်နှင့် ဆင်အမ ၄ ကောင်၊ စုစုပေါင်း ဆင် ၁၂ ကောင်သည် အသက်၈ နှစ်မှ ၁၅ နှစ်အတွင်း ရှိ  ဆင်များဖြစ်၍ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်ကြည့်ရှုအပန်းဖြေရာ ဆင်စခန်းများဖြစ်ကြပြီး ယခုအချိန်တွင် ဆင်များကို စခန်းတွင် မထားဘဲ အစာအတွက် စားကျက်လွှတ်ကျောင်းထားကာ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆင်စခန်းများ ကို ယာယီပိတ်သိမ်း ထားကြောင်း သိရှိရပါသည်။
.
“ဖရဲ သခွားတွေ လွှင့်ပစ်မယ့်အစား ပြန်သယ်သွားတာထက် မတက်လာဘဲ သွားလှူနိုင်ရင် ပိုကောင်းမှာပါ။ အသီးကား တွေကို ပြောပေးပါမယ်” ဟု မူဆယ်အခြေစိုက် ခွာညိုသစ်သီးပွဲရုံမှ ဦးစိုင်းခင်မောင်က ပြောသည်။
.
ဆင်တစ်ကောင်သည် တစ်ရက်လျှင် အစာအလေးချိန် ပေါင် ၆၀၀ မှ ၇၀၀ အထိ စားသုံးပြီး ၀ါးနု၊ ကျူပင်၊ ထမဆိုင်း (တံမျက်စည်းအနု)၊ ရွက်နု စသည်တို့ကို စားသုံးကာ အစာရှာနယ်မြေ ကျဉ်းမြောင်းသည့်အတွက် ဆင်အစာများ လိုအပ်လျက်ရှိကြောင်းသိရှိရပါသည်။
.


Journal Download

Photo of three cats