မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယနှင့် ရွာငံမြို့နယ်များရှိ ရေ ရှားပါးသည့်
ကျေးရွာများသို့ ပရဟိတလူငယ်များမှ တစ်ပိုင်တစ်နိုင် ရေ လှူဒါန်းမှုများကို ကိုယ်ပိုင်
ယာဉ်ငယ်များဖြင့် ပြုလုပ်လျက် ရှိကြောင်း သိရသည်။
.
အဆိုပါ တစ်ပိုင်တစ်နိုင်
ရေလှူဒါန်းမှုကို ဧပြီလ ၂ ရက်က ယာဉ် ၇ စီးဖြင့် စတင်ခဲ့ခြင်း ဖြစ်သော်လည်း ဧပြီလ ၉
ရက်တွင် ကိုယ်ပိုင်ယာဉ်ငယ် ၃၀ စီးဖြင့် ရွာများသို့ ပို့ဆောင်နေလျက် ရှိကြောင်း
သိရသည်။
.
“ COVID-19 ရောဂါကြောင့် လူစုလူဝေး မဖြစ်ဖို့ သတိထား လုပ်ဆောင်နေပါတယ်။
ပြီးတော့ ရောဂါနဲ့ ပတ်သက်တဲ့ လက်ကမ်း စာစောင်တွေလည်း အသိပညာပေး ဖြန့်ဝေပေးတယ်။ ရွာတွေ
ရေ ရတော့ ပျော်ရတာ ကြည့်ပြီး ကြည်နူးမျက်ရည် ဝဲ ရတယ်ဗျာ။ ရေထွက် နေရာတွေမှာ ရေဝေရေလဲ
ထိန်းနိုင်အောင် သစ်ပင်တွေ နောက်ပိုင်း ပြန်စိုက်ဖို့ ဆွေးနွေးကြပါတယ်၊ ဒီနေ့ဆို သာစည်နယ်ဘက်
လှူပါပြီ၊ ရေလှူလိုက်တော့ ရောဂါအတွက် လက်ဆေး သန့်စင်ဖို့ အတွက်လည်း အဆင်ပြေတာပေါ့။
” ဟု ရွာငံမြို့နယ်မှ ပရဟိတလူငယ် ဖြစ်သူ စိုင်းလူခေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဒေသခံ လူငယ်များအနေဖြင့်
COVID-19 ကြောင့် အလုပ်များ ပိတ်ကာ အားလပ်နေသည့်အတွက် လူထုအကျိုးကို
စုပေါင်း လုပ်ဆောင်နိုင်ရန် ကိုယ်ပိုင်ယာဉ်ငယ်များဖြင့် ရွာငံမြို့နယ်ရှိ မင်းတိုင်ပင်
သဘာဝဆည်မှ ရေကို သယ်ယူကာ ရေ လိုအပ်ချက်ရှိနေသည့် ကျေးရွာများသို့ ဖြန့်ဝေနေကြခြင်း
ဖြစ်ကြောင်း သိရသည်။
.
ပင်းတယနှင့် ရွာငံမြို့နယ်များရှိ
အချို့ကျေးရွာများတွင် နှစ်စဉ် နွေရာသီ ရေ ရှားပါးမှုကို ခံနေရသော်လည်း ယခုနှစ်တွင်
ရေထွက်များ အနီးဝန်းကျင်ရှိ သစ်ပင်သစ်တောများ ပြုန်းတီးမှုကြောင့် ရေထွက်များ ရေ မထွက်သဖြင့်
ရေရှားပါးမှု ပိုမို၍ ဖြစ်ပွားရကြောင်း တွေ့ရှိရသည်ဟု စိုင်းလူခေးထံမှ သိရသည်။
.
မင်းတိုင်ပင်
သဘာဝဆည်မှာ ရေကောင်းရေသန့် ဖြစ်ပြီး ရေချိုးခြင်း၊ နွားရေ တိုက်ခြင်းများ မပြုလုပ်သည့်
ဆည်ဖြစ်၍ ရေကောင်းရေသန့် ဖြစ်၍ သုံးရေအပြင် သောက်ရေ အနေဖြင့်ပါ သုံးစွဲနိုင်ခြင်းကြောင့်
ရေ လိုအပ်သည့် ကျေးရွာများအတွက် အထောက်အကူဖြစ်စေကြောင်း ဒေသခံများထံမှ သိရသည်။
.
“ အဖွားတို့ တစ်နေကုန်
ခပ်ရတာ၊ ရေလည်း သိပ် မထွက်တော့ဘူး၊ ခုလို ရေလာ လှူပေးတော့ အားလုံး ပျော်ရွှင်စိတ်ချမ်းသာကြတယ်၊
မောင်မင်းကြီးသားအပေါင်း ရေလှူရခြင်း အကျိုးနဲ့ ပြည့်ဝနိုင်ကြပါစေ” ဟု ချုပ်ချက်ကျေးရွာမှ
ဒေသခံအဖွားက ပြောသည်။
.
တစ်ရက်လျှင် ရေဂါလံ
၂၀၀၀၀ ခန့်ဖြင့် ပရဟိတ ရေအကျိုးဆောင် လူငယ်များက ဘုန်းကြီးကျောင်းနှင့် ဆေးခန်း စသည့်
လူအများနှင့် ဆိုင်သောနေရာများသို့ အပြည့်အဝ ရေ ပေးဝေနေလျက် ရှိပြီး ကျန် အိမ်ထောင်စုများကိုမူ
ရေဂါလံ ၅၀ ဂါလံခန့်စီဖြင့် အချိုးကျ ရေပေးဝေနိုင်ရန် အုပ်ချုပ်ရေးမှူးများက တဆင့် ၃
ရက် တစ်ကြိမ် အလှည့်ကျ သွားရောက် ဖြည့်ဆည်းပေးနေကြောင်း သိရသည်။
.
“ မိုး မကျမချင်း
ရေလိုအပ်ချက် ဖြည့်ဆည်း သွားနိုင်ဖို့ ရည်ရွယ်ပါတယ်၊ ဒီနှစ် ပိုပြီး ရေရှားတယ်၊ တဖြည်းဖြည်းနဲ့
ကားတွေ များလာပြီး စုပေါင်း လုပ်ဆောင်လာကြတာ ဝမ်းသာစရာပါ။ အဝေးက သူငယ်ချင်းတွေက ငွေအချို့
လှမ်း လှူကြတယ်၊ ရွာတွေကလည်း အစားအသောက်တွေ ကျွေးကြနဲ့ ပျော်စရာကြီးပါ။” ဟု ပရိဟတလူငယ်
ကိုလူမော်က ပြောသည်။
.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ပင်းတယမြို့နယ် အတွင်းရှိ ကူးကော်၊ ချုပ်ချက်၊ အုံတုံပင်၊ ရှမ်းရွာ၊ ကျောက်ကြား၊ နွားကွေ့၊
ကုန်းသာနှင့် ကျောင်းစုကျင်းရွာများ၊ ရွာငံမြို့နယ်အတွင်းမှ နန်းခုံ၊ ပဲရင်းတောင်၊
ကုန်းပေါ် ၊ ပင်မှီ ကျေးရွာများနှင့် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်းမှ
ကျွဲတပ်၊ သဲဖွတ်၊ ကန်းဘော်၊ ငှက်ပျောတော၊ မြက်ခါးအင်း စသည့် ကျေးရွာများသည် နွေရာသီကာလ၌
ရေ လိုအပ်ချက် များပြားနေသဖြင့် ယင်းကျေးရွာများသို့ ပရဟိတလူငယ်များက တစ်ပိုင်တစ်နိုင်
ရေ လှူဒါန်းနေကြခြင်း ဖြစ်ကြောင်း သိရသည်။