နန်းခမ်းခြူး
.
ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာအုပ်စု၊ ကောင်တယံ ကျေးရွာတွင် ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဧပြီလ ၁ ရက် နံနက်ပိုင်းက သောက်သုံးရေများ
ဖြန့်ဝေ လှူဒါန်းခဲ့ကြောင်း သိရသည်။
.
“ကောင်တယံကျေးရွာက ဟိုပုံးမြို့နဲ့ ၂၁ မိုင်လောက် ဝေးပြီး တောင်ပေါ်မှာ တည်ရှိတဲ့ ကျေးရွာ ဖြစ်တဲ့အပြင်
သောက်သုံးရေ ရရှိဖို့ ၂ မိုင်လောက် ဝေးတဲ့ ရေထွက်ရှိတဲ့ နေရာကို သယ်ယူ ထမ်းပိုးရတာပါ။ တောင်ယာလုပ်ငန်းကိုသာ အဓိက အားထား နေရသူတွေ ဖြစ်တဲ့အတွက် နှစ်တိုင်းနွေရာသီ ကာလမှာ သောက်သုံးရေ ရရှိဖို့
အခက်အခဲ ကြုံတွေ့နေရတာကြောင့် အခုလို လာရောက် လှူဒါန်းရခြင်း ဖြစ်ပါတယ်။” ဟု ဟိုပုံးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးထျာရယ်က ပြောသည်။
.
ကောင်တယံကျေးရွာတွင် အိမ်ခြေ
၆၀ ၊ လူဦးရေ ၃၀၀ ကျော် နေထိုင်ပြီး နွေရာသီ ကာလသို့ ရောက်ရှိပြီ ဖြစ်၍ သဘာဝရေထွက်များမှ စိမ့်စမ်းရေများ လျှော့နည်းလာခြင်းကြောင့်
သောက်သုံးရေ ရရှိရေး ခက်ခဲနေသည့် အတွက် ရေဂါလံ ၁၆၀၀ ကို ဖြန့်ဝေ လှူဒါန်းခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သောက်သုံးရေ လှူဒါန်းမှုအား ဂါလံ ၁၆၀၀ ဆံ့ မီးသတ်ရေသယ်ယာဉ်ဖြင့်
ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးထျာရယ်နှင့်
ဝန်ထမ်းများ၊ ၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောမောင်နှင့် တပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်သိန်းနှင့် တာဝန်ရှိသူများက စနစ်တကျ ခွဲဝေပေးခဲ့ကြောင်း သိရသည်။