ထက်တိုင်းကျော်
.
“ဝ” အမျိုးသားပါတီ၏ ပထမအကြိမ် ဗဟိုကော်မတီအစည်းအဝေးကို
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၌ မေလ ၂၂ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ အစည်းအဝေးပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
“ဝ” အမျိုးသားပါတီအဖြစ် တရားဝင် မှတ်ပုံတင်
ခွင့်ပြုချက် ရရှိပြီးနောက် ပြုလုပ်သည့် အစည်းအဝေးပွဲ ဖြစ်ကြောင်း သိရသည်။
.
“ ပါတီရဲ့ မူဝါဒပိုင်းဆိုင်ရာနဲ့
ရှေ့လုပ်ငန်းစဉ်ကို ဆွေးနွေးကြမယ်လို့တော့ သိထားရပါတယ်။ အသေးစိတ် ဆွေးနွေးပွဲ ရလဒ်ကိုတော့
အစည်းအဝေး ပြီးရင်တော့ ထုတ်ပြန်ပေးမယ်လို့ ထင်ပါတယ်။” ဟု “ဝ” အမျိုးသားပါတီမှ ရှမ်းပြည်နယ်အရှေ့ပိုင်း
တာဝန်ခံ ဒေါက်တာ Mဇော်လတ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ
မပြုလုပ်နိုင်သေးသည့် မြို့နယ် ၆ မြို့နယ် ရှိပြီး ယင်း မြို့နယ်များမှာ ရှမ်းပြည်နယ်
မြောက်ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အတွင်းမှ ပန်ဆန်း၊ မိုင်းမော၊ နားဖန်း၊
ပန်ဝိုင်မြို့နယ်နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ (၄)နယ်မြေရှိ
မိုင်းလားမြို့နယ်တို့ ဖြစ်ကာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် “ဝ” အမျိုးသားပါတီ အနေဖြင့်
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အတွင်း ဝင်ရောက် ယှဉ်ပြိုင်မှုများ
ပြုလုပ်နိုင်ဖွယ် ရှိကြောင်း နိုင်ငံရေး လေ့လာသူများ သုံးသပ်နေကြသည်။
.
“ဝ” အမျိုးသားပါတီ (Wa National Party) ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏
ဧပြီလ ၂ ရက် ကြေညာချက်အမှတ် (၇၇/၂၀၂၀) အရ ပါတီအမှတ်စဉ် ၁၂၈ ဖြင့် မှတ်ပုံတင်ခွင့်
ပြုခဲ့ခြင်း ဖြစ်ကာ ပါတီရုံးချုပ်ကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊
ဟိုပန်မြို့၊ ပန်လုံလမ်း၊ အမှတ် (၃၉)တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။