“ဝ” ပါတီဟောင်း ၃ ခုကို ဖျက်သိမ်းပြီး ပါတီအသစ် တည်ထောင်ခွင့် ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, April 10, 2020

“ဝ” ပါတီဟောင်း ၃ ခုကို ဖျက်သိမ်းပြီး ပါတီအသစ် တည်ထောင်ခွင့် ပြု


မင်းဇော်မင်း
.
 “ဝ” နိုင်ငံရေးပါတီဟောင်း ၃ ခုအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  နိုင်ငံရေးပါတီများ အဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းခွင့် ပြုပြီး ပါတီအသစ် တစ်ခုတည်းအဖြစ် မှတ်ပုံတင်ခွင့် ပြုကြောင်း ဧပြီလ ၂ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
.
ယင်းပါတီမှာ “ဝ” အမျိုးသားပါတီ (Wa National Party) ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဧပြီလ ၂ ရက် ကြေညာချက်အမှတ် (၇၇/၂၀၂၀) အရ ပါတီအမှတ်စဉ် ၁၂၈ ဖြင့် မှတ်ပုံတင်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။
.
ယခင် ပါတီများ ဖြစ်သည့် “ဝ” အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊ “ဝ” ဒီမိုကရက်တစ်ပါတီ၊ “ဝ” လစ်ဘရယ် ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေးပါတီ တို့ကို ပူးပေါင်း၍ ပါတီတစ်ခုတည်း အဖြစ် ဖွဲ့စည်းပြီး ပါတီလုပ်ငန်းများ ဆောင်ရွက်လိုသည့် ရည်ရွယ်ချက်ဖြင့် “ဝ” အမျိုးသားပါတီ(Wa National Party) အဖြစ် မှတ်ပုံတင်ခွင့် ပြုရန် ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်က ဦးစောဖီးလစ်ပါ ၁၅ ဦးက လျှောက်ထားခဲ့သည်ကို ဖေဖော်ဝါရီလ ၂၀ ရက်တွင် ပါတီ တည်ထောင်ခွင့်ပြုခဲ့ပြီး ပါတီမှတ်ပုံတင်ခွင့်ကို မတ်လ ၄ ရက်က လျှောက်ထားလာသည့်အပေါ် ဧပြီလ ၂ ရက်၌ မှတ်ပုံတင်ခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

“ အခုက COVID-19 ကြောင့် လူစုလူဝေး မလုပ်ရတဲ့အတွက် ဗဟိုကော်မတီလည်း မဖွဲ့နိုင်သေးပါဘူး၊ ဖွဲ့ပြီးမှ ရှေ့လုပ်ငန်းစဉ်တွေကို ပြောနိုင်မှာပါ။ သေချာတာကတော့ တိုင်း ဖြစ်တဲ့ ဟိုပန်နဲ့ မက်မန်းကတော့ ရွေးကောက်ပွဲ ဝင်မှာပါ၊ ရွေးကော် ဥက္ကဌ ဦးလှသိန်းကိုတော့ ၆ မြို့နယ်လုံး လုပ်နိုင်ဖို့ ပြောထားသလို လုပ်ဖြစ်ရင် အားလုံး ဝင်ပြိုင်မှာ ဖြစ်ပါတယ်၊ ခုတော့ ဗဟိုရုံးတောင် ဆိုင်းဘုတ် မတင်နိုင်သေးပါဘူး။” ဟု “ဝ” အမျိုးသားပါတီတည်ထောင်သူ ဒုအဖွဲ့ခေါင်းဆောင် ဦးဆမ်ကောင်းမားက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ဖျက်သိမ်းလိုက်သော ပါတီများ၏ ပါတီတစ်ခုချင်းစီမှ ပါတီပိုင် ပစ္စည်းများ အားလုံးကို “ဝ” အမျိုးသားပါတီ(Wa National Party) ပိုင် ပစ္စည်းများအဖြစ် စာရင်းပြောင်း လက်ခံရယူ ဆောင်ရွက်သွားရန် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားကာ “ဝ” အမျိုးသားပါတီ (Wa National Party) ပါတီ၏ နယ်မြေမှာ ရှမ်းပြည်နယ်အတွင်း ဖြစ်ကာ ရုံးချုပ်ကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၊ ပန်လုံလမ်း၊ အမှတ် (၃၉)တွင် ဖွင့်လှစ်ထားသည်။
.
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိ မြို့နယ် ၆ မြို့နယ်အနက် ဟိုပန်မြို့နယ်နှင့် မက်မန်းမြို့နယ်တို့တွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး ယင်း ၂ မြို့နယ်ရှိ မဲဆန္ဒနယ်များတွင် “ဝ” တိုင်းရင်းသား ပါတီများက အနိုင် ရရှိခဲ့သည်။

No comments:

Post a Comment

Journal Download

Photo of three cats

About