မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ ဒေသအတွင်းမှ ထွက်ရှိသည့် သီးနှံများအား ရန်ကုန် လမ်းကြောင်းတွင် ည မဖြတ်သန်းရ အမိန့်များကြောင့် ပျက်စီးဆုံးရှုံး နစ်နာမှုများ မဖြစ်ပေါ်စေရေး အတွက် တာဝန်ရှိသူများက မြို့ရွာ ဖြတ်သန်းခွင့် ရရှိနိုင်ရေး၊ အချိန်မီ ရောက်ရှိနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးရန်လိုကြောင်း အောင်ပန်းမြို့ COVID-19 ကာကွယ်ရေးအဖွဲ့မှ နာယက တစ်ဦးဖြစ်သူ ဦးခင်မောင်ဝင်းထံမှ သိရသည်။
.
“ ကျနော်တို့ဒေသမှာ ပန်းဂေါ်ဖီ ၊ ဂေါ်ဖီထုပ်တွေက တောင်သူတွေရဲ့ ဝင်ငွေရတဲ့ ထွက်ကုန်တွေပါ။ သီးနှံတွေ ဖြစ်လို့ တစ်ညလောက် ရပ်ထားလိုက် ရရင်ပဲ ပျက်စီးဆုံးရှုံးနစ်နာမှု တန်ဖိုးက များပါတယ်၊ အချို့ဆို အရင်းပါ ပြုတ်နိုင်တယ်။ လမ်းမှာ ည ရပ်လိုက်ရတာနဲ့ ကုန်စည် စီးဆင်းမှု မချောမွေ့တဲ့အပြင် စားသုံးသူတွေလည်း ရိက္ခာ အခက်အခဲ ရှိသွားမှာ ဖြစ်ပါတယ်၊ ဒါကြောင့် ရန်ကုန်မြို့ ဈေးကွက်ကို မရောက်မချင်း ကားတွေ ဖြတ်သန်းခွင့် ရရှိရေးဟာ မဖြစ်မနေ လိုအပ်နေတာ ဖြစ်လို့ တာဝန်ရှိသူတွေ အနေနဲ့ အချိန်မီ အမြန် ညှိနှိုင်းပေးစေလိုပါတယ်။ ဈေးကွက်ပျက်တာနဲ့ တောင်သူတွေမှာ ပြန် မစိုက်နိုင်တော့တဲ့အထိ ဆုံးရှုံး နစ်နာနိုင်ပါတယ်။” ဟု ဦးခင်မောင်ဝင်းက ပြောသည်။
.
အောင်ပန်းဒေသထွက် သီးနှံများမှာ တစ်ရက်လျှင် ကုန်တင်ကားစီးရေ ၂၀ ခန့် ထွက်ရှိနေလျက် ရှိရာ ဧပြီလ ၁၈ ရက်က ကုန်စိမ်းတင် မော်တော်ယာဉ် ၁၈ စီး ရန်ကုန်ဘက်သို့ ထွက်ရှိနိုင်ခဲ့ပြီး မန္တလေးဘက်သို့ အစီးရေ ၂၀ ခန့် ထွက်ရှိခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ထွက်ခွာ တင်ပို့ရာတွင် မန္တလေးဘက် လမ်းကြောင်း၌ အခက်အခဲ တစ်စုံတစ်ရာ မရှိသေးသော်လည်း ရန်ကုန်ဘက် လမ်းကြောင်းတွင်မူ တပ်ကုန်းမြို့မှ စတင်ကာ ညဖြတ်သန်းခွင့် မပြုသည့် ဒေသန္တရ အမိန့်များအရ အခက်အခဲ ရှိနေပြီး ကုန်စိမ်း မော်တော်ယာဉ်များသည် ၁၀ နာရီမျှ ကြန့်ကြာသည်နှင့် ပန်းဂေါ်ဖီ ၊ ဂေါ်ဖီထုပ်များ ပျက်စီးနိုင်ကာ အာလူးမှာလည်း ၂ ရက်ခန့် ကြာမြင့်ပါက လှောင်ပိတ်မှုများကြောင့် ပျက်စီးစေနေကြောင်းနှင့် ညအချိန်အား ရှောင်၍ မောင်းနှင်ရန်မှာလည်း မဖြစ်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။
.
အဆိုပါ အခက်အခဲများကို အောင်ပန်းဒေသခံ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းလတ်၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်တို့ထံ တင်ပြ အကူအညီတောင်းခံသွားမည် ဖြစ်ကြောင်း သိရသည်။
.
“ ကျွန်တော်တို့ လမ်းတစ်လျှောက် ရောဂါ စစ်ဆေးတာတွေ အားလုံး အစစ်ဆေးခံပြီး သွားမှာ ဖြစ်ပါတယ်။ မြို့တွေမှာ ကား မရပ်ရဘူးဆိုလည်း မရပ်ပါဘူး၊ ဈေးကွက်ရောက်တဲ့အထိ ရောက်အောင် မောင်းနိုင်ဖို့ ကြိုးစားပါမယ်။ ကားပျက်တာတော့ မတတ်နိုင်ဘူးပေါ့။” ဟု အောင်ပန်းမှ ကုန်စိမ်းတင်ယာဉ် မောင်းနှင်သူ ယာဉ်မောင်းများက ပြောသည်။
.
အောင်ပန်းဒေသရှိ တောင်သူများအနေဖြင့် ပန်းဂေါ်ဖီ ၊ ဂေါ်ဖီထုပ်၊ မုံလာထုပ်၊ အာလူး၊ ငရုတ်၊ ငရုတ်ပွ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ရွှေပဲသီးများကို စီးပွားဖြစ် စိုက်ပျိုးကာ ရန်ကုန်လမ်းကြောင်း တစ်လျှောက်ရှိ မြို့ရွာများနှင့် မန္တလေးဘက်သို့ တင်ပို့ ရောင်းချနေလျက် ရှိကာ အောင်ပန်းမြို့သည် ရှမ်းပြည်နယ် တောင်ပိုင်း၏ စီးပွားရေး အချက်အခြာဖြစ်သည့် မြို့တစ်ခုလည်း ဖြစ်သည်။

Home
ရှမ်းတောင်သတင်းများ
အောင်ပန်း
ညပိုင်း မဖြတ်သန်းရ အမိန့်များကြောင့် အောင်ပန်းရှိ ဒေသထွက် သီးနှံများ ပျက်စီးဆုံးရှုံးနစ်နာမှုများ မဖြစ်စေရေး ဆောင်ရွက်ရန် လိုအပ်နေ
ညပိုင်း မဖြတ်သန်းရ အမိန့်များကြောင့် အောင်ပန်းရှိ ဒေသထွက် သီးနှံများ ပျက်စီးဆုံးရှုံးနစ်နာမှုများ မဖြစ်စေရေး ဆောင်ရွက်ရန် လိုအပ်နေ
Tags
# ရှမ်းတောင်သတင်းများ
# အောင်ပန်း
Share This
About Unknown
အောင်ပန်း
Tags
ရှမ်းတောင်သတင်းများ,
အောင်ပန်း