ရှမ်းတောင်မှ ရန်ကုန်သို့ တင်ပို့သည့် ကုန်စိမ်းတင်ယာဉ်များ ညဖြတ်သန်းခွင့် မရခြင်းကြောင့် အခက်အခဲ ဖြစ်ပေါ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင်မှ ရန်ကုန်သို့ တင်ပို့သည့် ကုန်စိမ်းတင်ယာဉ်များ ညဖြတ်သန်းခွင့် မရခြင်းကြောင့် အခက်အခဲ ဖြစ်ပေါ်နေ


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း၊ ဟဲဟိုး၊ ကလော၊ ပင်းတယ စသည့် မြို့နယ်/မြို့များမှ ထွက်ရှိသည့် ကုန်စိမ်းတင် မော်တော်ယာဉ်များကို ရန်ကုန်မြို့သို့ တင်ပို့ရာတွင် လမ်းခရီးရှိ စစ်ဆေးရေးဂိတ် အချို့၌ ည ဖြတ်သန်းခွင့် မရခြင်းကြောင့် ကုန်စည် စီးဆင်းမှု နှောင့်နှေး ကြန့်ကြာမှု ဖြစ်ပေါ်နေသည့် အပြင် ကုန်စိမ်းအချို့ ပျက်စီး ဆုံးရှုံးမှု ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
ရှမ်းတောင် ဒေသထွက် ကုန်စိမ်းများ ဖြစ်သည့် ပန်းဂေါ််ဖီ၊ မုံလာထုပ်တင် မော်တော်ယာဉ် ၁၈ စီးအား ဧပြီလ ၁၉ ရက်၊ ညပိုင်း၌ လည်းကောင်း၊ ကြံတိုင်းအောင်ဂိတ်မှ မော်တော်ယာဉ် ၄ စီးအား ဧပြီလ၂၀ ရက်၊ ညပိုင်း၌ လည်းကောင်း နေပြည်တော်ကောင်စီ နယ်မြေရှိ စစ်ဆေးရေးဂိတ် အချို့တွင် ဖြတ်သန်း မောင်းနှင်ခွင့် မရခြင်း ဖြစ်ကြောင်း သိရသည်။
.

“ မနေ့ (ဧပြီလ ၂၀ ရက်)က အားလုံး ၄၇ စီး ထွက်တယ်၊ ၄ စီးက တပ်ကုန်းမှာ ည အိပ်လိုက်ရတယ်၊ တခြား စောတဲ့ ကားတွေတော့ လွတ်သွားတယ်။ တောင်ငူမှာတော့ အောင်ပန်း ကုန်စိမ်းကားတွေ တန်းစီစရာ မလိုဘဲ မောင်းနှင်ဖို့ ဦးစားပေး ဆောင်ရွက်ပေးပါတယ်။”ဟု အောင်ပန်း ကုန်စည်ပို့ဆောင်ရေးမှ ဦးခင်မောင်ဝင်းက ပြောသည်။
.
ဒေသထွက် ကုန်စိမ်းများ ဖြစ်သည့် ပန်းဂေါ်ဖီ၊ မုံလာထုပ်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး၊ ဂေါ်ရခါးသီး စသည်တို့မှာ ရန်ကုန်တိုင်းဒေသကြီးရှိ စားသုံးမှု လိုအပ်ချက်ကို အဓိက ဖြည့်ဆည်းပေးနေခြင်း ဖြစ်ခြင်းကြောင့် ကုန်စိမ်းတင် မော်တော်ယာဉ်များအား ညအချိန် ဖြတ်သန်းခွင့် မပြုခြင်းမှာ အားလုံးအတွက် ထိခိုက်နစ်နာစေကြောင်း ရန်ကုန်မြို့ရှိ  ကုန်စိမ်းပွဲရုံ လုပ်ငန်းရှင်များထံမှ သိရသည်။
.
ယင်းကဲ့သို့ ကုန်စိမ်းတင် မော်တော်ယာဉ်များ ည ဖြတ်သန်းခွင့် မရသည့် အခြေအနေနှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ အဆင်ပြေစေရန်အတွက် အောင်ပန်းမြို့တွင် ဧပြီလ ၂၀ ရက်၊ ညနေပိုင်းက လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် တာဝန်ရှိသူများက တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
“ အောင်ပန်းက မြေပြန့် လိုအပ်ချက် ကုန်စိမ်းဒိုင် ဒေသကြီး ဖြစ်တယ်။ အဓိကတော့ တစ်ရက်ပဲ ထားလို့ရတဲ့ ကုန်စိမ်းတွေ ဖြစ်တဲ့ မုံလာထုပ်နဲ့ ဂေါ််ဖီထုပ်တွေ ထွက်ရှိတာ ဖြစ်တဲ့အတွက် ရန်ကုန် အပါအဝင် တခြား ဒေသတွေကို အဆင်ပြေစွာ ပို့ဆောင်နိုင်ရေး တိုင်းကျော်၊ ပြည်ကျော် သွားလာမှုတွေအတွက် လိုအပ်တာတွေ လုပ်ဆောင်ပေးနိုင်ဖို့ ဆွေးနွေးကြပါတယ်။ ည မထွက်ရ အမိန့်တွေမှာ ကုန်စည် စီးဆင်းမှု မပြတ်လပ်စေရေး ကုန်တင်ယာဉ်များမှ အပ လို့ ပါတယ်။ အထူးသဖြင့် ကုန်စိမ်းကားတွေကို ဖြတ်သန်းခွင့် ပြုရမှာ ဖြစ်ပါတယ်။” ဟု အောင်ပန်းမြို့နေ NLD ပါတီ၏ ရှမ်းပြည်နယ် ဥက္ကဌ ဖြစ်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းလတ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ အဆိုပါ ကုန်စိမ်းတင် မော်တော်ယာဉ်များ ညပိုင်း ဖြတ်သန်းခွင့် မရသည့် အခြေအနေနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရ၊ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်အား ဆက်သွယ်မေးမြန်းရာတွင် “ တင်ပြလာတဲ့ အပေါ်မှာ မူတည်ပါတယ်။ ကာယကံရှင် ကားတွေကနေ ဒီလို အခက်အခဲ ရှိပါတယ်ဆိုတဲ့ စာ တင်လာမှ ကျွန်တော်တို့က တရားဝင် ဆောင်ရွက်လို့ ရမှာ။ ကြားတဲ့ သတင်းအပေါ် မူတည်ပြီးတော့ ပြောလို့တော့ မရဘူးပေါ့။ ဒေသန္တရ အမိန့်မှာ လူနာတင် ကားတွေ၊ ဌာနဆိုင်ရာ အရေးကြီးတဲ့ ကားတွေ၊ နောက်ပြီးတော့ ကုန်စည် စီးဆင်းမှု ပြတ်တောက် မသွားရေးအတွက် ကုန်ကားတွေအတွက် ည မထွက်ရ အမိန့်ထဲမှာ မပါဘူး၊ သူတို့ကို အပ လို့ ဖော်ပြထားတယ်။ သွားလို့ ရပါတယ်။ တင်ပြလာရင် ဆောင်ရွက်ပေးမှာပါ။”ဟု ပြောဆိုခဲ့သည်။
.

ကာယကံရှင် ကားတွေကနေ ဒီလို အခက်အခဲ ရှိပါတယ်ဆိုတဲ့ စာ တင်လာမှ ကျွန်တော်တို့က တရားဝင် ဆောင်ရွက်လို့ ရမှာ။ ကြားတဲ့ သတင်းအပေါ် မူတည်ပြီးတော့ ပြောလို့တော့ မရဘူးပေါ့။ ဒေသန္တရ အမိန့်မှာ လူနာတင် ကားတွေ၊ ဌာနဆိုင်ရာ အရေးကြီးတဲ့ ကားတွေ၊ နောက်ပြီးတော့ ကုန်စည် စီးဆင်းမှု ပြတ်တောက် မသွားရေးအတွက် ကုန်ကားတွေအတွက် ည မထွက်ရ အမိန့်ထဲမှာ မပါဘူး၊ သူတို့ကို အပ လို့ ဖော်ပြထားတယ်။ သွားလို့ ရပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့နယ် အသီးသီးမှ ထွက်ရှိသည့် ကုန်စိမ်း အများစုမှာ အောင်ပန်းမြို့ရှိ ကုန်ပွဲရုံများနှင့် ကုန်စိမ်းဒိုင်များက တဆင့် ရန်ကုန်၊ မန္တလေးကဲ့သို့သော အခြားဒေသကြီးများသို့ ပို့ဆောင်နေလျက် ရှိကာ လက်ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ည မထွက်ရ အမိန့်များတွင် ကုန်စည် စီးဆင်းမှု မပြတ်လပ်စေရေးအတွက် ကုန်တင်ယာဉ်များအား ဖြတ်သန်းခွင့် ပြုထားသော်လည်း စစ်ဆေးရေးဂိတ် အချို့၌ ဖြတ်သန်းခွင့် မပေးခြင်းများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats