မော်မော်
.
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကော်မတီမှ
အမိန့်ကြော်ငြာစာအမှတ် ၆/၂၀၂၀ ဖြင့် ခရီးသွားလုပ်ငန်းများမှ လိုင်စင်ကြေး၊ လိုင်စင်အသစ်
လဲလှယ်ကြေး ပေးဆောင်ခြင်းများကို တစ်နှစ်တာ ကင်းလွတ်ခွင့်ပြုထားသည်ဟု သိရသည်။
.
.
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတွင်
ဖြစ်ပွားနေသော COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ
ထိခိုက်မှု ရှိနေသဖြင့် လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၈ ရက်က ကျင်းပသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်
ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၀) ၏ ဆုံးဖြတ်ချက်အမှတ် (ဆ)အရသော်
လည်းကောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ လုပ်ငန်းရှင်များအား လိုင်စင်ကြေး၊ လိုင်စင်အသစ်
လဲလှယ်ကြေး ပေးဆောင်ခြင်းများကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၁ ခုနှစ်၊ မတ်လ
၃၁ ရက်အထိ တစ်နှစ်တာ ကင်းလွတ်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခုဆိုရင် မြန်မာနိုင်ငံခရီးသွားဥပဒေအရ
ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီတွေ ဖွဲ့ပြီးတဲ့နောက်မှာ လုပ်ငန်း လိုင်စင်တွေက
၃ နှစ်တစ်ကြိမ် ဖြစ်ပါတယ်။ အဲဒါတွေကို ၁ နှစ်တာ လိုင်စင်ကြေး ကင်းလွတ်ခွင့်ပြုတာဖြစ်ပါတယ်။
ကျွန်မတို့ဆီမှာ လုပ်ငန်းလိုင်စင်ရှိပြီးသား လုပ်ငန်းလုပ်ကိုင်နေရာကနေ သက်တမ်းတိုးတယ်
ဆိုရင်လည်း ဒီကာလ အတွက် ကင်းလင်းခွင့် ပြုထားပါတယ်” ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွား
ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အဆိုပါ ကင်းလွတ်ခွင့်တွင် ဟိုတယ်လုပ်ငန်းလိုင်စင်၊
ခရီးသွားလုပ်ငန်းလိုင်စင်၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်၊ ဧည့်လမ်းညွှန်လိုင်စင်
အစရှိသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ လိုင်စင်ကြေးများ ပါဝင်ကြောင်း သိရသည်။
.
ကမ္ဘာတစ်ဝှမ်းဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်
COVID-19 ကြောင့် ပြည်တွင်းတွင် လေကြောင်းလိုင်းများ၊
ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ဧည့်လမ်းညွှန်လုပ်ငန်းများ
စသည့် ကဏ္ဍအသီးသီးတွင် လုပ်ငန်းများ ရပ်ဆိုင်းနေကြောင်း သိရသည်။
.