စိုင်းသိင်္ခသူ
.
TNLA အဖွဲ့က ဖမ်းဆီးထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ ဒေသခံ ၂၃
ဦး အနက် အောက်ဆီးတန့်ကျေးရွာမှ ၁၂ ဦးကို ဧပြီလ ၂ ရက်တွင် ပြန်လည် လွတ်မြောက်လာကြောင်း
ခိုလုံလီရှောလူငယ်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။
.
ခိုလုံလီရှော
လူငယ်အဖွဲ့မှ TNLA
ဆက်ဆံရေး တာဝန်ခံထံသို့ ဆက်သွယ် အကူအညီတောင်းခံခဲ့သဖြင့် ဧပြီလ
၂ ရက်၊ နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ်၊ သာယာကုန်းရှိ စစ်ရှောင်စခန်းဘက်သို့ တရားဝင်
ပြန်လည် လွတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
“ ခုလို ပြန် လွှတ်ပေးတာ
TNLA
ကို ကျေးဇူး အများကြီး တင်ပါတယ်။ ဒါပေမဲ့ ထွက်ပြေးလာတဲ့ သူတွေ
မပါ ဖမ်းထားတာ ၅ ယောက် ကျန်နေပါသေးတယ်၊ သူတို့ကိုလည်း အမြန်ဆုံး လွှတ်ပေးစေချင်ပါတယ်၊
အခုက အောက်ဆီးတန့်ရွာက ၁၂ ယောက်ပါ။ ကလေးအမေတွေ အပါအဝင် ကျား ၆ ဦး၊ မ ၆ ဦး အားလုံးကို
မြန်မာငွေ ၁၀ သိန်း ပေးရပါတယ်၊ ဒါပေမဲ့ ဘိန်းခင်းနောက်ခံနဲ့ ဓာတ်ပုံ ရိုက်ထားတာတောင်းလို့
အရင် ရိုက်ထားတဲ့ ပုံ တစ်ပုံကို ပေးလိုက်ရတယ်။”ဟု ခိုလုံလီရှောအဖွဲ့မှ
မသိမ့်က ပြောသည်။
.
အောက်ဆီးတန့်ကျေးရွာမှ
အဖမ်းခံရသူ ကျား ၆ ဦး၊ မ ၇ ဦးအနက် ကလေးအမေဖြစ်သူ
တစ်ဦးမှာ ထွက်ပြေး လွတ်မြောက် လာသည်ဟု သိရသော်လည်း ယခုထိ ၎င်း၏ ရွာသို့ ပြန်လည် ရောက်ရှိခြင်း
မရှိသေးကြောင်း၊ မတ်လ ၃၁ ရက်က ထွက်ပြေးလာသူ ၂ ဦးကိုလည်း လက်ထိပ်များ ဖြုတ်ပေးနိုင်ခဲ့ပြီး
ကျန်ကားရွာမှ ၃ ဦးကိုလည်း ကောင်းခေရွာတွင် ထားရှိကြောင်း လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ
သိရသည်ဟု ၎င်းက ဆိုသည်။
.
နမ့်ခမ်းမြို့၏
အရှေ့မြောက်ဘက်ရှိ အောက်ဆီးတန့်ရွာတွင် မတ်လ ၂၉ ရက်က ဒေသခံ ၁၃ ဦးနှင့် မတ်လ ၂၅ ရက်တွင်
ကျန်းကားရွာမှ ရွာသား ၅ ဦး၊ ကဝါးချက်၊ လွယ်လန်ရွာမှ ၅ ဦး စုစုပေါင်း ၂၃ ဦးကို TNLA အဖွဲ့မှ ဖမ်းဆီး သွားခဲ့ခြင်း ဖြစ်ပြီး မတ်လ ၃၁ ရက်က ထွက်ပြေးလာသူ
၃ ဦးနှင့် လွယ်လန့်ရွာ မှ ငွေပေး ရွေး၍ လွတ်မြောက်လာသူ ၃ ဦးတို့ အပါအဝင် လွတ်မြောက်လာသူပေါင်း
၁၈ ဦး ရှိရာ ဖမ်းခံထားရသူ ၅ ဦး ကျန်ရှိနေဆဲ
ဖြစ်ပြီး ၎င်းတို့မှာ ကျန်ကားရွာသား ၃ ဦးနှင့် ကဝါးချက်ရွာသား ၂ ဦးတို့ ဖြစ်ကြောင်း
မသိမ့်ထံမှ သိရသည်။
.
အဆိုပါ ကိစ္စများနှင့်
ပတ်သက်၍ မေးမြန်း အတည်ပြုရန်အတွက် PSLF/TNLA အဖွဲ့ထံသို့ ဆက်သွယ်မှုများ ပြုလုပ်ရာတွင် ဆက်သွယ် မရရှိဘဲ ဖြစ်နေပြီး PSLF/TNLA ၏ Website
စာမျက်နှာ ဖြစ်သည့် www.pslftnla.org မှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပိတ်သိမ်းခဲ့ကြောင်း TNLA က ထုတ်ပြန်ထားကာ TNLA အဖွဲ့သည် KIA
၊ MNDAA
တို့နှင့်အတူ ရှမ်းပြည်နယ်လွှတ်တော်တွင် အကြမ်းဖက် အဖွဲ့အစည်းများ
အဖြစ် သတ်မှတ်ထားကြောင်း အတည်ပြုထားသည်။
.