တောင်ကြီးတွင် နွေရာသီကာလ ရေရှားပါးမှုအပြင် COVID-19 ကြောင့် ရေကားအချို့ မထွက်သည့်အတွက် ရေမှာယူရာတွင် ခက်ခဲမှုများ ရှိလာနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် နွေရာသီကာလ ရေရှားပါးမှုအပြင် COVID-19 ကြောင့် ရေကားအချို့ မထွက်သည့်အတွက် ရေမှာယူရာတွင် ခက်ခဲမှုများ ရှိလာနေ


ဗျတ္တ
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် နွေရာသီကာလ သောက်သုံးရေ ရှားပါးမှုအပြင် ကူးစက်မြန် COVID-19 ကပ်ရောဂါကြောင့် ရေကားအချို့ မထွက်သည့်အတွက် သောက်သုံးရေကား မှာယူရာတွင် ခက်ခဲမှုများ ရှိလာနေသည် ဟု ဒေသခံများထံမှ သိရသည်။
.
 
.
ယခုအခါ တောင်ကြီးမြို့ပေါ်ရှိ အများပြည်သူ သောက်သုံးရေအတွက် ဖြန့်ဝေပေးနေသည့် သောက်သုံးရေကန်များ ခန်းခြောက်လာမှုနှင့်အတူ ရပ်ကွက်များအတွင်းရှိ စက်ရေတွင်းများလည်း ရေထွက်နှုန်း ကျဆင်းလာနေသည့်အတွက် ရေကားများကို အဓိက မှာယူအားထားနေရခြင်းဖြစ်ကြောင်း သိရသည်။
.
“အခုက နွေရာသီ ရေရှားပါးတဲ့အချိန် ဖြစ်သလို COVID-19 ရောဂါဖြစ်တဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေတယ်။ ပုံမှန် ထွက်တဲ့ရေကားတချို့ မထွက်တာလည်း ရှိတယ်။ ဒီတော့ ရှိတဲ့ကားကိုပဲ မှာနေရတော့ ရဖို့ မလွယ်တော့ဘူး။ အခုချိန်မှာ ရေကို ချွေတာသုံးပြီး မကုန်ခင် ကြိုမှာထားတာ အကောင်းဆုံးဖြစ်မယ်” ဟု တောင်ကြီးမြို့၊ ချမ်းသာ ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့၊ ကျောင်းကြီးစုနှင့် ချမ်းသာရပ်ကွက်များအတွင်း ပုံမှန် သောက်သုံးရေ ရောင်းချနေသည့် ရေကား အစီးရေ ၂၀ ခန့်ရှိပြီး အနီးအဝေးပေါ်မူတည်၍ ရေကား တစ်စီးလျှင် ကျပ် ၅၀၀၀ မှ ၇၀၀၀ ကျပ်အကြား ရောင်းချ ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံးအနီးရှိ ရေကားပိုင်ရှင်တစ်ဦးက “အရင်တုန်းက ရေကားတွေ တော်တော်များတယ်။ အခုက နည်းသွားပြီ။ နောက်စက်ရေတွင်းတွေက ရေထွက်နှုန်း ကျသွားတယ်။ တချို့က ရေအနောက်ပဲထွက်တယ်။ ဒီတော့ မှာတဲ့လူများတဲ့အခါ လူတိုင်းကို အချိန်မီပို့ပေးနိုင်ဖို့ ခက်သွားတာပေါ့။ ကျွန်တော်တို့လည်း တတ်နိုင်သလောက်တော့ မှာတဲ့အိမ်တိုင်းကို ပို့ပေးနိုင်ဖို့ ကြိုးစားနေပါတယ်” ဟု ပြောသည်။
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့သည် တောင်ပေါ်မြို့တစ်မြို့ ဖြစ်သည့်အတွက် မြေအောက်ရေကို အဓိကထား သုံးစွဲနေရခြင်းဖြစ်ပြီး မြို့အနီးတစ်ဝိုက်ရှိ ရေဝေရေလဲ သစ်တောသစ်ပင်များ ထိန်းသိမ်းမှု အားနည်းပါက နောင်ကာလ များတွင် ယခုထက်ပို၍ ရေရှားပါးမှုပြဿနာကို ကြုံတွေ့လာရနိုင်ကြောင်း ဒေသခံများက ပြောဆိုလျက်ရှိသည်။
.

Journal Download

Photo of three cats