တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်များ ရေခန်းခြောက်မှုကြောင့် သောက်သုံးရေ ရှားပါးလာနိုင် ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်များ ရေခန်းခြောက်မှုကြောင့် သောက်သုံးရေ ရှားပါးလာနိုင် ဟုဆို


ဗျတ္တ
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ယခုရက်ပိုင်းအတွင်း နေ့အပူချိန်များ သိသာစွာ မြင့်တက်လာနေသည့် အတွက် မြို့ပေါ်ရပ်ကွက်အချို့ကို သောက်သုံးရေပေးဝေနေသော ကျောင်းကြီးစုရပ်ကွက်အတွင်းရှိ ဂနိုင်ကန်များ ခန်းခြောက်လာနေခြင်းကြောင့် သောက်သုံးရေ ရှားပါးလာနိုင်သည်ဟု ဒေသခံများက ပြောဆိုလျက်ရှိသည်။
.
 
.
“အရင်တုန်းက ဦးခန်းကန် (ဂနိုင်ကန် အမှတ်-၁) ဆိုရင် သင်္ကြန်ပြီးအထိ ရေရှိသေးတယ်။ သင်္ကြန်ဆိုရင်လည်း ကန် ထဲကရေကိုသွယ်ပြီး မဏ္ဍပ်တွေမှာ သုံးလို့ရတဲ့အထိ ရှိခဲ့တယ်။ အခုနောက်ပိုင်းကျတော့ နွေရောက်တာနဲ့ ရေက လုံးဝခန်းသွားတာပဲ။ ပြီးခဲ့တဲ့နှစ်က အပေါ်ကန်တွေကိုလည်း စက်အင်အားတွေသုံးပြီး လုပ်ပေမဲ့ လက်တွေ့ကျတော့ သိပ်အကျိုးထူးလာတာ မရှိဘူး” ဟု တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နေ ဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ဂနိုင်ကန်အမှတ် (၁) သည် တောင်ကြီးမြို့ပေါ်ရှိ မြို့မ၊ ကံသာ၊ စိန်ပန်း၊ ချမ်းမြသာစည်၊ ရွှေတောင်၊ ချမ်းသာ၊ ကျောင်းကြီးစု စသည့်ရပ်ကွက်များသို့ သောက်သုံးရေ ဖြန့်ဝေပေးနေသော ရေကန်ဖြစ်ပြီး ကန်အမှတ် (၂) နှင့် (၃) တို့သည် ရေစုကန်အဖြစ် ထားရှိထားသော ကန်များဖြစ်သည်။
.
အဆိုပါ ဂနိုင်ကန်အမှတ် (၁) သည် ဧရိယာအကျယ်အဝန်း ၄ ဧက ခန့်၊ ရေသိုလှောင်နိုင်မှုပမာဏ ဂါလန် ၆ သန်းခန့် ရှိပြီး နေ့စဉ် ရေဂါလန် ၆ သောင်းခန့် ဖြန့်ဝေပေးခြင်းဖြစ်ကာ ယခုအခါ ယင်းကန် ၃ ကန်လုံး ခန်းခြောက်သွားသည့် အတွက် ရေသွယ်တန်းထားသည့် အိမ်ခြေများ သောက်သုံးရေ အခက်အခဲနှင့် တွေ့ကြုံနေရခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
.
ယင်းကဲ့သို့ သောက်သုံးရေ ရှားပါးလာနိုင်မှုနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ လက်ထောက် အင်ဂျင်နီယာ ဦးကြည်လွင်က “တစ်မြို့လုံး ပြတ်တောက်မယ့် အခြေအနေတော့ မရှိဘူး။ တောင်ကြီးမြို့က နဂိုကတည်းက ရေခံမြေခံ ကောင်းတဲ့ မြို့လည်း ဖြစ်တယ်။ ရေကို သူ့ရပ်ကွက်နဲ့ သူတော့ ပေးနေမှာပဲ။ လက်ရှိမှာ ဂနိုင်ကန်ကတော့ ခန်းတော့မယ်။ အဲဒီက ခန်းရင် ရှိတဲ့ကန်ကနေ ပြန်ခွဲပေးတာ ရှိမယ်။ ပိုက်လိုင်းတွေလည်း ရှိပြီးသားပါ” ဟု ကမ္ဘောဇတိုင်းသို့ ပြောဆိုထားသည်။
.
တောင်ကြီးမြို့ပေါ်တွင် စည်ပင်သာယာရေးဌာနမှ သောက်သုံးရေ ဖြန့်ဝေပေးသည့် ရေအရင်းအမြစ် ရေကန် ၇ ခု ရှိပြီး လက်ရှိတွင် ဂနိုင်ရေကန်အပြင် အချို့ ကန်များမှာ ရေလျော့နည်း ခန်းခြောက်စ ပြုလာနေပြီ ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats