တောင်ကြီးတက္ကသိုလ် ပြန်ဖွင့်မည့်ရက် အတိအကျ မသိရှိရသေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတက္ကသိုလ် ပြန်ဖွင့်မည့်ရက် အတိအကျ မသိရှိရသေး


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ရှိ တောင်ကြီးတက္ကသိုလ်၏ ၂၀၂၀ ပြည့်နှစ် စာသင်နှစ် ဒုတိယနှစ်ဝက် သင်တန်း များ ပြန်လည်ဖွင့်လှစ်မည့်ရက်ကို အတိအကျ မသိရှိရသေးကြောင်း တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မူမူမြင့်ထံက သိရသည်။
.
.
“အဆင့်မြင့်ပညာဦးစီးဌာနက ဘာမှ မပြောလာသေးဘူး။ ဖွင့်ရမယ့်ရက်ကို ညွှန်ကြားလာမှပဲ သိရပါမှာပါ။ အခုတော့ ဘာအစီအစဉ်မှ မရှိသေးပါဘူး” ဟု တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမူမူမြင့်က ကမ္ဘာာဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် အဝေးသင်တက္ကသိုလ် ကျောင်းသား/သူများ၏ ကျောင်းအပ်လက်ခံမှုကိုလည်း ယာယီရပ်ဆိုင်းထားပြီး ပြန်လည်လက်ခံမည့်ရက်ကို မသိရှိရသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
“ကျောင်းတွေမှာ ပညာရေးအဖွဲ့တွေ အစည်းအဝေးထိုင်ပြီးမှ ဆုံးဖြတ်ထားတာပါ။ ပြန်ဖွင့်မယ်၊ ပြန်လက်ခံမယ် ဆိုရင် လည်း ပညာရေးအဖွဲ့တွေ ထိုင်ပြီးမှပဲ ပြောလို့ရမယ်” ဟု ဒေါက်တာမူမူမြင့်က ဆက်လက်ပြောဆိုခဲ့သည်။
.
တောင်ကြီးတက္ကသိုလ်၏ အထူးပြုဘာသာရပ်အသီးသီးအတွက် ပထမနှစ်ဝက် စာမေးပွဲများကို ပြီးခဲ့သည့် မတ်လ ၁၈ ရက်က စတင်ဖြေဆိုခဲ့ရာတွင် COVID-19 ကပ်ရောဂါ အန္တရာယ်ကြောင့် မတ်လ ၂၄ ရက်မှ စတင်၍ စာမေးပွဲဖြေဆိုမှုကို ယာယီရပ်ဆိုင်းထားခဲ့ကြောင်း သိရသည်။
.
တောင်ကြီးတက္ကသိုလ်တွင် ကျောင်းသား/သူ ၈၀၀၀ ကျော် တက်ရောက်ပညာသင်ကြားလျက်ရှိပြီး တောင်ကြီးမြို့နယ် အတွင်း တောင်ကြီးတက္ကသိုလ်အပြင် ဆေးတက္ကသိုလ် (တောင်ကြီး)၊ ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)နှင့် နည်းပညာတက္ကသိုလ် (တောင်ကြီး) စသည့် တက္ကသိုလ်များလည်း ရှိနေပြီး လတ်တလော ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားနေသော COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ယင်းတက္ကသိုလ်များ၏ သင်တန်းဖွင့်လှစ်မည့် ရက်ကို မသိရှိရသေးကြောင်း သိရသည်။
.

Journal Download

Photo of three cats