ဗျတ္တ
.
ကိုရိုနာဗိုင်းရပ်စ်
COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေသည့် ကာလအတွင်း လူစုလူဝေးများကို တတ်နိုင်သမျှ ရှောင်ကြဉ်နိုင်ရန်အတွက်
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ ညဈေးတန်းနှင့် ဈေးဆိုင်ခန်းများအား ပိတ်သိမ်းထားသည့်အပြင်
ဆောက်လုပ်ရေးလုပ်ငန်းခွင်များလည်း ရပ်နား ထားသည့်အတွက် ဈေးရောင်းချသူများနှင့် နေ့စားအလုပ်သမားများအတွက်
စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ် လာနေကြောင်း သိရသည်။
.
.
“အခုက
ရောဂါဖြစ်ပွားနေတဲ့အချိန်ဆိုတော့ စျေးထွက်လို့ မရသေးဘူးပေါ့။ နိုင်ငံတော်က လိုအပ်လို့
ချမှတ်ထားတဲ့ စည်းကမ်း ဖြစ်တဲ့အတွက် ကျွန်တော်တို့လည်း လိုက်နာရမှာပါ။ ခက်တာက စျေးမထွက်ရတော့
ဝင်ငွေမရှိတော့ဘူး။ ဝင်ငွေမရှိတော့ ရေရှည်ရပ်တည်ဖို့ အခက်အခဲဖြစ်တာတွေရှိလာတယ်” ဟု
တောင်ကြီး မြို့မစျေးကြီးတောင်ဘက် ညစျေးတန်းတွင် စျေးရောင်းချသူတစ်ဦးက ပြောသည်။
ထို့အတူ
တောင်ကြီးမြို့ပေါ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသည်လည်း ဧပြီလဆန်းပိုင်းမှ စတင်၍
လုပ်ငန်းများ ရပ်နားထားသည့်အတွက် ယင်းလုပ်ငန်းခွင်များတွင် မှီခိုနေရသည့် နေ့စားအလုပ်သမားများလည်း
အခက်အခဲများ ဖြစ်ပေါ်လာနေရကြောင်း သိရသည်။
.
“ကျွန်တော်တို့လုပ်ငန်းက
ဧပြီလအစပိုင်းတည်းက နားထားတာ။ ရက်ရှည်လာတဲ့အခါကျတော့ နေ့စားလုပ်သား တွေရဲ့ စားသောက်စရိတ်
လိုအပ်ချက်တွေ ရှိလာတယ်။ လုပ်ငန်းကြီးတွေ သိပ်မသိသာပေမဲ့ ကျွန်တော်တို့လို တစ်ပိုင်တစ်နိုင်
လုပ်ငန်းမှာလုပ်တဲ့ လုပ်သားတွေကျတော့ အခက်အခဲဖြစ်လာတာတွေ ရှိတယ်။ အစိုးရက ကူညီထောက်ပံ့မှု
ရှိပေမဲ့ မထိရောက်တော့ မလုံလောက်ကြတော့ဘူး။ ဒီကပ်ဆိုးကြီး အမြန်ဆုံးပြီးသွားပါစေလို့ပဲ
ဆုတောင်းရတော့မယ်” ဟု တောင်ကြီးမြို့ပေါ်ရှိ ဆောက်လုပ်ရေး ကန်ထရိုက်တာတစ်ဦးဖြစ်သူ ကိုအောင်
က ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင်
ယနေ့ ဧပြီလ ၂၁ ရက်၊ ညနေပိုင်းအထိ COVID-19
ရောဂါပိုး အတည်ပြုတွေ့ရှိသူ လူနာအမှတ် ၂၉ တစ်ဦး သာရှိသေးသော်လည်း ရောဂါကူးစက်ပျံ့နှံ့မှုများ
ရှိလာနိုင်သဖြင့် မြို့နယ်အတွင်းရှိ ဈေးများအားလုံး ရက်အကန့်အသတ်မရှိ ယာယီပိတ်သိမ်းထားရန်
စည်ပင်သာယာရေးကော်မတီက ညွှန်ကြားထားပြီး မြို့နယ်အတွင်းရှိ အဝေးပြေးနှင့် မြို့တွင်းယာဉ်လိုင်းများလည်း
ပြေးဆွဲနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
.