စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ စည်ပင်သာယာရေးဈေးများတွင်
စားသောက်ကုန်နှင့် ဆေးဝါးအရောင်းဆိုင်များကို ပြန်လည် ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း
ဧပြီလ ၂၇ ရက်တွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ ညွှန်ကြားချက် ထုတ်ပြန် ထားသည်ဟု
သိရသည်။
.
.
“အရင်းကတည်းက ငါးရက်တစ်ဈေးနဲ့ ညဈေးတွေကို
ဧပြီလ ၃၀ ရက်အထိ ပိတ်ထားတယ်။ အဲဒါကို မေလ ၁၅ ရက်အထိ တိုးမြှင့်ထားတယ်။ အဓိက ရည်ရွယ်ချက်ကတော့
လူစုလူဝေးမဖြစ်အောင်လို့ပါ။ လိုအပ်တဲ့ စားသောက်ကုန် နဲ့ ဆေးဝါးတွေကိုပဲ ရောင်းချခွင့်ပြုထားပါတယ်။
ဈေးတံခါး မပိတ်ပါဘူး။ ရောင်းကုန်တွေကိုပဲ ကန့်သတ်ထားတဲ့ သဘောပါ” ဟု ရှမ်းပြည်နယ်စည်ပင်သာယာရေးဌဦနမှ
ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
COVID 19 ကူးစက်ရောဂါ ပြန့်ပွားမှု
မရှိစေရေးအတွက် ရည်ရွယ်၍ စျေးများတွင် လူစုလူဝေး မဖြစ်ပေါ်စေရန် စည်ပင်သာယာရေးဌာနပိုင်
စျေးများတွင် စားသောက်ကုန်နှင့် ဆေးဝါးများရောင်းချနေသော ဆိုင်ခန်းများကိုသာ ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမည်ဖြစ်ပြီး
ယာယီပျံကျစျေးတွင် ရောင်းချလျက်ရှိသော အသားငါး ဟင်းသီးဟင်းရွက် များကိုလည်း
ပုံမှန်အတိုင်း ရောင်းချခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီဝင်
ဦးဇော်ဝင်းထူးကလည်း “လောလောဆယ်ကတော့ ဈေးကို ဧပြီလ ၃၀ ရက်ပြီးမှ ပြန်ဖွင့်ဖို့ လုပ်ထားတယ်။
ကော်မတီအစည်း အဝေး ပြန်မထိုင်ရသေးတော့ အတိအကျ ပြောလို့မရသေးပါဘူး။ အခု ပြည်နယ်က ညွှန်ကြားချက်
ထွက်လာပြီ ဆိုတော့ အချိန်နဲ့ တစ်ပြေးညီ အမြန်ဆုံး အကောင်အထည်ဖော်သွားမှာပါ” ဟု ပြောဆိုခဲ့သည်။
.
လက်ရှိတွင် တောင်ကြီးခရိုင်အတွင်းရှိ
ဈေးများအားလုံး ယာယီပိတ်ထားပြီး သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်အလိုက်
ယာယီဈေးရောင်းချရန် နေရာ သတ်မှတ်၍ ဟင်းသီးဟင်းရွက်နှင့် သားငါးများကို ရောင်းချခွင့်
ပြုထားကြောင်း သိရသည်။
.